လန်ဒန်ဒါဘီ ဂိုးပြတ်ရှုံးပွဲ အပြီး ခြေစွမ်း အထူး နုံချာခဲ့တဲ့ ချဲလ်ဆီး စတား အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သွားတဲ့ ဂျိုကိုးလ်

 

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲမှာ အမှတ်ပေးဇယား ထိပ်ဆုံးက မြို့ခံပြိုင်ဖက် အာဆင်နယ်ကို အတော် ဆိုးရွားတဲ့ ခြေစွမ်းနဲ့ အတူ ၅ – ၀ ရလဒ်နဲ့ ဂိုးပြတ်ခြေပြတ် အရေးနိမ့်ခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ စနေနေ့က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှ တည်ငြိမ်မှု ရှိတဲ့ သီယာဂို ဆေးလ်ဗား – ထရက်ဗာ ချာလိုဘာ ခံစစ်အတွဲကို အရန်ခုံ ပို့ခဲ့ပြီး ၊ ဘယ်လိုမှ အတွဲမညီတဲ့ အပြင် ခြေစွမ်းကျဆင်းနေတဲ့ အိတ်ဆဲလ် ဒီဆာဆီ – ဘန်နွိုင်း ဘတ်ဒီယာရှီးလ် အတွဲကို ပွဲထုတ်ခဲ့ပါတယ် ။

အထူးသဖြင့် ဘတ်ဒီယာရှီးလ်ဆို တပွဲလုံး မှားပြီးရင်း မှားနေခဲ့ကာ ၊ အာဆင်နယ် ရရှိခဲ့တဲ့ ဂိုးတွေဟာ ၄င်းနဲ့ တိုက်ရိုက် ပတ်သက်မှု ရှိခဲ့ပါတယ် ။ ချဲလ်ဆီး တောင်ပံကစားသမားဟောင်း ဂျိုကိုးလ်ကတော့ ပွဲအပြီး TNT Sport ရဲ့ သုံးသပ်ချက် အစီအစဉ်မှာ ယင်းပြင်သစ်ကြယ်ပွင့်ကို အဓိက ပစ်မှတ်ထား ဝေဖန်သွားခဲ့ပါတယ် ။

ဂျိုကိုးလ် က ” ခင်ဗျားတို့ သိကြလား ? ပထမပိုင်း အဖွင့် ၁၀မိနစ်က စွမ်းဆောင်ရည်ဟာ ဒီရာသီ ချဲလ်ဆီးရဲ့ ခြေစွမ်းကို ခြုံငုံပေးလိုက်သလိုပါပဲ ။ သူတို့ဟာ အခွင့်အရေးတချို့ ဖန်တီးပြီး ၊ ပွဲထဲ ပြန်လာနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ် ။ ဒါပေမယ့် ဟာဗက်ဇ်ဆီက ရောက်လာတဲ့ ဂိုး ထင်ပါတယ် ။ ”

” အဲဒီမှာ ဘတ်ဒီယာရှီးလ်ဟာ သူ့နဲ့ အတူ လိုက်ကပ်ကစားပြီး ၊ ပွဲကို ထိန်းထားရမှာပါ ။ ခင်ဗျားဟာ ဒီပွဲမတိုင်ခင် တပတ်လုံးမှာ ‘ ငါ ကိုင်ဟာဗက်ဇ်ကို ထိန်းရမယ် ၊ ရပ်တန့်ပစ်ရမယ် ‘ ဆိုပြီး တွေးနေခဲ့ရမှာပါ ။ အဖွင့် ၅မိနစ်မှာကတည်းက သူဟာ ဟာဗက်ဇ်ကို ကွင်းလယ်ကနေ လွတ်လွတ်လပ်လပ်ပဲ ဘောလုံး သယ်ဆောင်ခွင့် ပေးခဲ့ပါတယ် ။ ”

” ဒါက အတော်လေး အနုတ်ဆန်ပါတယ် ။ သနားစရာ ဂီးလ်ခရစ် ။ သူဟာ ကိုယ့်တာဝန် ကိုယ် လစ်ဟင်းခဲ့ရပါတယ် ။ သူ့ဆီ ဒက်ကလန်ရိုက်စ်က ပြေးလာသလို ၊ ထရော့ဆာ့ဒ်ကလည်း အပြင်ကနေ ဝင်လာခဲ့ပါတယ် ။ ဒီအခိုက်အတန့်ဟာ ချဲလ်ဆီးရဲ့ ပွဲတပွဲလုံးကို အဓိပ္ပာယ် ဖွင့်ပေးလိုက်သလိုပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ပိုချက်တီနိုက ဘာကြောင့် အထိုင်ကျပြီးသား ဆေးလ်ဗား – ချာလိုဘာ အတွဲကို ပွဲထွက်စာရင်းမှ ချန်လှပ်ခဲ့လဲ ဆိုတာ ရှင်းလင်းခဲ့သလို ၊ ၄င်းတို့ ၂ဦး မပါဝင်ခဲ့တာထက်စာရင် တသင်းလုံးကိုက နုံချာခဲ့လို့ ရှုံးခဲ့ရတာ ဖြစ်ကြောင်း တုန့်ပြန်လာပါတယ် ။

ပိုချက်တီနို က ” ချာလိုဘာ ဘာကြောင့် ပွဲမစခဲ့တာလဲ ဆိုတာ ကျွန်တော် ရှင်းပြဖို့ လိုမှာပါ ။ သီယာဂို ဆေးလ်ဗားဟာ အသက် ၃၉နှစ် ရှိပြီ ဖြစ်လို့ အနားယူဖို့ လိုပါတယ် ။ ကျွန်တော်တို့ဟာ အသင်း အတွက် ခွန်အားသစ်တွေနဲ့ ပံ့ပိုးပေးဖို့ လိုအပ်ခဲ့ပါတယ် ။ ”

” ရိစ်ဂျိမ်းစ်နဲ့ မာလိုဂတ်စ်တိုတို့ကလည်း မကစားပေးနိုင်ကြပါဘူး ။ ( နေမကောင်းတဲ့ ) ကိုးလ်ပါလ်မာရဲ့ နေရာမှာ မူဒရစ်နဲ့ အစားထိုးခဲ့ရပါတယ် ။ မတူညီတဲ့ အခြေအနေ အရပ်ရပ်မှာ ဆုံးဖြတ်ချက် တခု ချဖို့နဲ့ အပြောင်းအလဲ တချို့ လုပ်လိုက်ရတာနဲ့ သက်ဆိုင်ပါတယ် ။ ”

” အခက်ခဲဆုံး အရာက ကျွန်တော်တို့ရဲ့ ပွဲစတင်ပုံကို လက်ခံဖို့ပါပဲ ။ ပထမပိုင်းရဲ့ နောက်ဆုံး မိနစ် ၃၀ အတွင်း ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ယှဉ်ပြိုင်နိုင်ခဲ့ပါတယ် ။ ပွဲကလည်း မျှခြေမှာ ရှိခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR