အာဆင်နယ်ကို အရှက်ရဖွယ် ဂိုးပြတ် ရှုံးခဲ့ပြီးနောက် ပိုချက်တီနို ဘာတွေ ဆင်ခြေပေးခဲ့လဲ ?

 

ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ် အသင်းကို အရှက်ရဖွယ် ၅ဂိုးပြတ် ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ် ။ ချဲလ်ဆီးဟာ ဒီပွဲမှာ အတော်လေး ခြေစွမ်း စုတ်ပြတ်ခဲ့ပြီး ၊ ပထမပိုင်းမှာတင် ကံကောင်းလို့ တဂိုးနဲ့သာ ရှုံးနေခဲ့တာ ဖြစ်ပါတယ် ။

ဒုတိယပိုင်းမှာတော့ ယင်းအခြေအနေကို အပြည့်အဝ အသုံးမချနိုင်ခဲ့သလို ၊ အိမ်ရှင်ကို ပွဲအပြည့် ထိန်းချုပ်ခွင့် လွယ်လွယ်ကူကူပဲ ပေးခဲ့တာကြောင့် ဒါဟာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ အသင်းသားတွေ အပေါ်မှာ ရာနှုန်းပြည့် အပြစ်ရှိတဲ့ အနေအထား ဖြစ်ပါတယ် ။

ပွဲပြီး TNT Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ပိုချက်တီနိုက ပထမပိုင်းနဲ့ ဒုတိယပိုင်း အစ ၁၅မိနစ်တွေမှ ၄င်းတို့ရဲ့ ကြိုးစားအားထုတ်ပုံဟာ မကောင်းမွန်ခဲ့ကြောင်းနဲ့ မန်စီးတီးကို ရှေ့၃ရက်ကမှ ယှဉ်ကစားခဲ့ပြီး ဒီပွဲမှာ စိတ်ပျက်ဖွယ် ခြေစွမ်းမျိုး မြင်တွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ဆင်ခြေပေးသွားပါတယ် ။

ပိုချက်တီနို က ” ကျွန်တော်တို့ရဲ့ ပွဲစတင်ပုံက မကောင်းခဲ့ဘူးလို့ ထင်ပါတယ် ။ အဖွင့်ဂိုး စောစောစီးစီး စပေးခဲ့ရပြီး ၊ ဒီဂိုးကို ချေပဖို့ ပထမပိုင်း တပိုင်းလုံး နာလန်မထူနိုင်ခဲ့ပါဘူး ။ အသင်းဟာ ပွဲအစ ၁၀မိနစ် ၊ ၁၅မိနစ် နောက်ပိုင်းမှ စပြီးတော့ စွမ်းဆောင်ပြိုင်ဆိုင်နိုင်ခဲ့တာပါ ။ ”

” ပထမပိုင်း အပြီး ဒီနေ့ပွဲအပေါ် ကျွန်တော်တို့ရဲ့ စတင် ချဉ်းကပ်ခဲ့ပုံ အကြောင်း ဆွေးနွေးခဲ့ပြီး ၊ ဒုတိယပိုင်းကို ဘယ်လို စတင်ရမယ် ဆိုတဲ့ အကြောင်း ပြောခဲ့ကြပါတယ် ။ ဒါပေမယ့် ပွဲပြန်စတဲ့အခါမှာလည်း ကျွန်တော်တို့ဟာ ခွန်အား အနည်းငယ်သာ ပြသနိုင်ခဲ့ပြီး ၊ ကိုယ် လိုချင်တဲ့ ပုံစံအတိုင်း မပြိုင်ဆိုင်နိုင်ခဲ့ပါဘူး ။ ”

” တတိယ ဦးဆောင်ဂိုး အထိ ရသွားတဲ့ အချိန်မှာ အာဆင်နယ် အတွက် ပွဲကို ထိန်းချုပ်ဖို့ အင်မတန် လွယ်ကူသွားခဲ့ပါတယ် ။ ဒီနေ့မှာ ကျွန်တော်တို့ အတွက် ကိုယ် လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ ခဲယဉ်းခဲ့ပါတယ် ။ ပထမပိုင်းနဲ့ ဒုတိယပိုင်း အဖွင့် ၁၅မိနစ်က အခရာကျခဲ့တယ်လို့ ကျွန်တော် သတ်မှတ်ရပါမယ် ။ အဲဒီအချိန်တွေမှာ ကျွန်တော်တို့ ရှုံးသွားခဲ့ပါတယ် ။ ”

” ခင်ဗျား အနေနဲ့ အဆုံးသတ် သေချာရပါမယ် ။ ရှေ့၃ရက်ကပဲ မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲမှာ အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ပေမယ့် ၊ ကျွန်တော်တို့ ဒါတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သလို ၊ အဆုံးသတ်လည်း မသေချာခဲ့ပါဘူး ။ ဒီနေ့ပွဲမှာလည်း ထိုနည်းတူ ဖြစ်ပျက်ခဲ့ပါတယ် ။ ”

” တကယ်ကို လက်ခံရ ခက်ခဲတဲ့ စွမ်းဆောင်ရည်ပါ ။ ဘာလို့လဲဆိုတော့ ခွန်အား အပြည့် ရှိနေတဲ့ ကိုယ့်အသင်းရဲ့ ပွဲစတင်ပုံက ဒီလိုမျိုး ပုံစံနဲ့ မြင်ရတာက ဘယ်လိုမှ မကောင်းလို့ပါ ။ ဒါက မန်စီးတီးနဲ့ ပွဲမှာ အံ့သြဖွယ် စွမ်းဆောင်ပြီးတဲ့နောက် မြင်တွေ့ရတဲ့ မတည်ငြိမ်မှုပါပဲ ။ ဒီနေ့ပွဲ စွမ်းဆောင်ရည် အပေါ် ကျွန်တော်တို့ စိတ်ပျက်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပိုချက်တီနို က နေမကောင်းဖြစ်ခဲ့တဲ့ ကိုးလ်ပါလ်မာ မပါဝင်ခြင်းက ဒ်ီရှုံးပွဲ အပေါ် သက်ရောက်မှု ရှိမရှိနဲ့ ပတ်သက်ပြီး ” ဒီနေ့ အရှုံးရလဒ်ဟာ ( ကိုးပါလ်မာကို ဆုံးရှုံးခဲ့တာထက် ) ပိုပါတယ် ။ ပွဲစကတည်းက ကျွန်တော်တို့ မပြိုင်ဆိုင်နိုင်ခဲ့တာပါ ။ ဒီလိုပုံစံမျိုးနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နေတဲ့ အသင်းကို ယှဉ်ပြိုင်နိုင်ဖို့ ခက်ပါတယ် ။ ”

” ဒီအခြေအနေ ဒီအဆင့်ကို သူတို့ ရောက်ရှိနေတာက တိုက်ဆိုင်မှု မဟုတ်ဘူး ဆိုတာ ကျွန်တော်တို့ သတိထားမိရပါမယ် ။ မတူညီတဲ့ နည်းလမ်း တခုခုနဲ့ ကျွန်တော်တို့ ပြိုင်ဆိုင်နိုင်ဖို့ လိုအပ်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR