ပထမဆုံး ပြန်ကစားခဲ့တဲ့ ပွဲမှာတင် ဂိုးသွင်းနိုင်ခဲ့တဲ့ ဂန်းနား နောက်ခံလူ တင်ဘာ

နော်တင်ဟမ်ဖောရက်စ် အသင်း နဲ့ ပွဲမှာ ရခဲ့တဲ့ ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူ နေခဲ့ရတဲ့ တင်ဘာ ဟာ မနေ့ညက ကစားခဲ့တဲ့ လူငယ် ပရီးမီးယယားလိဂ် ပွဲမှာ အာဆင်နယ် ယူ၂၁ အသင်း အတွက် ပွဲထွက် ကစားခဲ့ပြီး ပထမပိုင်းပြီးတဲ့ အထိ ကစားခဲ့ပါတယ် ။

ဘလက်ဘန်း ယူ၂၁ အသင်း နဲ့ ကစားခဲ့တဲ့ ပွဲမှာ တင်ဘာ ဟာ ပွဲချိန် ၇ မိနစ်မှာ ဂိုးဧရိယာ အစပ်နားကနေ ညာခြေ နဲ့ လှလှပပ ကန်သွင်းပြီး အာဆင်နယ် ယူ၂၁ အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနောက် အာဆင်နယ် ယူ၂၁ အသင်းဟာ ကော်ဇီယာ ဒပ်ဘရီ ရဲ့ ပင်နယ်တီ ကနေ တစ်ဆင့် ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

ဒါပေမဲ့လည်း ပထမပိုင်းပြီးခါနီးမှာတင် ဘလက်ဘန်း ယူ၂၁ အသင်းက ချေပဂိုး ၂ ဂိုး သွင်းခဲ့တာကြောင့် ပထမပိုင်းမှာ ၂ ဂိုးစီ သရေ ရလဒ် ထွက်နေခဲ့ပြီး အဆိုပါ ရလဒ် အတိုင်းပဲ ပွဲပြီး သွားခဲ့ပါတယ် ။ ပွဲအပြီးမှာ အာဆင်နယ် ယူ၂၁ နည်းပြ မာမက်အလီ က တင်ဘာ ရဲ့စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ” သူ့လို ကစားသမားကို အသင်းမှာ ထည့်ကစားခွင့် ရတာ သိပ်ကောင်းပါတယ် ။ ပွဲမတိုင်ခင် အစည်းအဝေးမှာ ကျနော့်ကောင်လေးတွေအားလုံး သူ့ကို ဝိုင်းဝန်း ချီးကျူး ခဲ့ကြပါတယ် ၊ ဘောလုံး သမား တစ်ယောက် အတွက် ဒီလို ဒဏ်ရာမျိုး ကြုံရပြီး ပွဲတွေ အများကြီး လွဲချော် ခဲ့ရတာကတော့ မလွယ်ကူပါဘူး ။ ”

” သူက နိုင်ငံ အသစ်ကို ပြောင်းလာတာဆိုတော့ အခက်အခဲတွေနဲ့လည်း ကြုံခဲ့ရပါတယ် ။ ဒါပေမဲ့ ပြန်ကစားနိုင်ကတည်းက သူ့ရဲ့ စွမ်းဆောင်ရည်က သိပ်ကောင်း နေပါတယ် ၊ အသင်းကြီး နဲ့ ဖြစ်ဖြစ် လူငယ် အသင်း နဲ့ပဲ ဖြစ်ဖြစ် ဘယ်အသင်း နဲ့ပဲ ‌လေ့ကျင့်ခန်း ဆင်းဆင်း သူက လူငယ် ကစားသမားတွေရဲ့ စံပြ ဖြစ်နေအောင် ကစား နိုင်သူပါ ၊ ဒီညနေမှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်ကို ထပ်မံ ပြသ ခဲ့ပါတယ် ။ ”

” သူ သွင်းသွားတဲ့ဂိုးဆို သိပ်ကို ကောင်းပြီး သူ့မှာ သိပ်ကို ကောင်းမွန် တဲ့ အဆုံးသတ် စွမ်းရည် ရှိကြောင်း ပြသ လိုက်တာပါပဲ ။ ၄၅ မိနစ် အတွင်း သူ့ရဲ့ ဆုံးဖြတ်ချက်တွေ နှင့် စွမ်းဆောင်ရည်က သန်မာ ကောင်းမွန် ခဲ့ပါတယ် ၊ သူ့ကို ကြည့်ပြီး လူငယ်တွေလည်း သင်ယူ စရာ အများကြီး ရလိုက်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM