အဲဗာတန်နဲ့ ပွဲမှာ မက်ဒူးကီနဲ့ ဂျက်ဆင်တို့ ပါလ်မာထံမှ ပင်နယ်တီ လုကန်ဖို့ ကြိုးစားခဲ့ကြတဲ့ အပေါ် ပြတ်ပြတ်သားသား တုန့်ပြန်လာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အဲဗာတန် အသင်းကို ၆ဂိုးပြတ်နဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့ပါတယ် ။ ဒီရာသီ ရလဒ် မတည်ငြိမ်တဲ့ ချဲလ်ဆီး အဖို့ အခုလို ဒါဇင်ဝက် ဂိုးသွင်းပြီး အနိုင်ရခဲ့တာက ပြောစရာတွေ ဖြစ်ခဲ့ပေမယ့် ၊ တကယ်တမ်း ပိုပြောစရာ ဖြစ်ခဲ့တာက ဒုတိယပိုင်းမှာ ရခဲ့တဲ့ ပင်နယ်တီကို လုကန်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပါတယ် ။

ဒီရာသီ ပင်နယ်တီ ပင်တိုင်ကန်သွင်းနေကျ ဖြစ်တဲ့ ကိုးလ်ပါလ်မာဆီကနေ အခြား တိုက်စစ် ကစားသမား ၂ဦး ဖြစ်တဲ့ နွန်နီ မက်ဒူးကီနဲ့ နီကိုးလက်စ် ဂျက်ဆင်တို့က ရှေ့ဆင့်နောက်ဆင့် ပင်နယ်တီ လုယူကန်သွင်းဖို့ အငမ်းမရ ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ် ။

အဆုံးမှာ ပါလ်မာ ကိုယ်တိုင်က ဘယ်သူ့ကိုမှ ဘောလုံးမပေးခဲ့သလို ၊ အသင်းခေါင်းဆောင်း ဖြစ်တဲ့ ကော်နာ ဂေါ်လဂါကလည်း ကြားဝင်ကာ ပါလ်မာ ပင်နယ်တီ ကန်ရဖို့ကို အဆုံးအဖြတ် ပေးခဲ့ပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒေါသတကြီး ဖြစ်နေခဲ့တဲ့ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက အခုလိုပဲ ပြတ်ပြတ်သားသား တုန့်ပြန်လာပါတယ် ။

ပိုချက်တီနို က ” ဟုတ်ကဲ့ပါ ။ ကျွန်တော်တို့ ပွဲအကြောင်း ပြောပြီးမှ ဒါကို ရှင်းရမှာ ဖြစ်ပေမယ့် ၊ ပထမဆုံး အနေနဲ့ ကျွန်တော် ခင်ဗျားတို့ကို ရှင်းရှင်းလင်းလင်း ပြောချင်တာက ၊ အသင်းသားတွေလည်း သိကြပါတယ် ၊ ပင်နယ်တီ ပင်တိုင်ကန်သွင်းသူက ကိုးလ်ပါလ်မာပါ ။ ဒါမျိုး ဖြစ်သွားတာက ရှက်စရာကြီးပါ ။ ”

” ကျွန်တော် ဒီအခြေအနေအပေါ် အတော်လေး စိတ်ပျက်မိပါတယ် ။ ဒါက ကိုယ့်ပုံရိပ် အကြောင်း ဖော်ပြနေသလိုပဲလို့ အဝတ်လဲခန်းထဲမှာ ကျွန်တော်တို့ ပြောခဲ့ကြပါသေးတယ် ။ ဘာလို့လဲဆိုတော့ ဒါက တနင်္လာနေ့ည ပွဲ ဖြစ်တာကြောင့် နိုင်ငံတိုင်းက စောင့်ကြည့်နေပြီး ၊ ကျွန်တော်တို့ အနေနဲ ဒီလို ပုံရိပ်မျိုး သွားပေးလို့ မဖြစ်တာကြောင့်ပါ ။ ”

” ပရိသတ်တွေကို ကျွန်တော် တောင်းပန်လိုပါတယ် ။ ဒါဟာ ဒီအားကစားရဲ့ အရည်အသွေးပါပဲ ။ ဟုတ်ပါတယ် ။ ကစားသမားတွေဟာ ဂိုးသွင်းဖို့ စိတ်ဆန္ဒ ပြင်းပြနေတဲ့ အကြောင်း ပြသလိုကြပါတယ် ။ ဒါပေမယ့် ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ ဆုံးဖြတ်ချက် တခု ပြတ်သားစွာ ချရမှာပါ ။ ”

” ဒီလို အပြုအမူမျိုး ကျွန်တော် နောက်တကြိမ် လုံးဝ လက်ခံတော့မှာ မဟုတ်ပါဘူး ။ ဒီလို ထပ်ဖြစ်လာခဲ့ရင် ကျွန်တော် ပြင်းပြင်းထန်ထန် တုန့်ပြန်ရပါလိမ့်မယ် ။ ကျွန်တော် သူတို့ကို ပြောထားပြီးသားပါ ။ ဒါမျိုး ထပ်မဖြစ်စေရပါဘူးလို့ ကျွန်တော် ကတိပေးပါတယ် ။ ”

” ဒါဟာ အသက်ငယ်ရွယ်တဲ့ ကစားသမား စုဖွဲ့မှု တခု ပိုင်ဆိုင်ထားတဲ့အခါ တခါတလေ ကိုယ့်ရဲ့ တဦးချင်း မှတ်တမ်းတွေ အတွက် ရှေ့တန်းတင်မိတာမျိုး ဖြစ်ပြီး ၊ ဒီကနေ ကျွန်တော်တို့ လေ့လာသင်ယူဖို့ လိုပါတယ် ။ ကျွန်တော်တို့ ဘာကြောင့် တည်ငြိမ်မှု မရှိတာလဲ ၊ တက်လိုက်ကျလိုက် ဖြစ်နေတာလဲလို့ ခင်ဗျားတို့ ခဏခဏ မေးတဲ့အခါ ဒါက လက်ရှိ အသင်းရဲ့ အဆင့်အတန်း ဖြစ်နေလို့ပါ ။ ”

” လူငယ်တွေနဲ့ စုဖွဲ့ထားတဲ့ အသင်း တသင်း အနေနဲ့ ကိုယ့်ရဲ့ အဓိက ပစ်မှတ်ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ဖို့ လိုပါတယ် ။ ဒါပေမယ့် တချိန်တည်းမှာပဲ သူတို့ဟာ အသင်းအတွက် စွမ်းဆောင်ပေးရပါမယ် ။ သူတို့ အနေနဲ့ မြန်မြန်ဆန်ဆန် လေ့လာဖို့ လိုပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ချဲလ်ဆီး ဖြစ်ပြီး ၊ တောင်းဆိုမှုတွေက အရမ်း မြင့်မားလို့ပါ ။ ”

” ဒီအကြောင်း ခဏဖယ်ထားပြီး ၊ ပွဲအကြောင်း ပြောရအောင်ပါ ။ ဘာလို့လဲဆိုတော့ အဲဗာတန်လို အသင်းကောင်း တသင်းကို ၆ဂိုးပြတ် ၊ Clean Sheet နဲ့ ကျွန်တော်တို့ အနိုင်ရခဲ့လို့ပါ ။ ပျော်ရမယ့် အချိန် မဟုတ်လား ? ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR