အာဆင်နယ်ထက် ဘိုင်ယန် ပိုသာတဲ့ အရာကို သောမတ်စ် တူချယ် ထုတ်ဖော်ပြောဆို

 

ဘိုင်ယန်မြုးနစ် အသင်းရဲ့ နည်းပြ သောမတ်စ် တူချယ် ကတော့ သူတို့ အသင်းဟာ အခု ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် အဆင့်မှာ ရင်ဆိုင်ရမယ့် အာဆင်နယ် အသင်းထက် ဥရောပ အတွေ့အကြုံ ပိုမို များပြားပါတယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။ အာဆင်နယ် နဲ့ ဘိုင်ယန်မြူးနစ် တို့ဟာ အီးမရိတ် ကွင်းကြီးထဲမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်ခွင့်အတွက် စတင် အားပြိုင်ကြရတော့မှာ ဖြစ်ပြီး ဒီရာသီ ခြေစွမ်းတွေ အရ အာဆင်နယ် က ဘိုင်ယန်ကို အသာရနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ် ။

ဘိုင်ယန် ဟာ ပြည်တွင်း ဆုဖလားတွေကို လက်လွှတ်လိုက်ရပြီ ဖြစ်တာကြောင့် ချန်ပီယံလိဂ် တခုသာ နောက်ဆုံး မျှော်လင့်ချက်အဖြစ် ကျန်ရစ်နေတာ ဖြစ်ပါတယ် ။ ဘိုင်ယန်နည်းပြ သောမတ်စ် တူချယ် ဟာလည်း ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲရတော့မှာ ဖြစ်ပေမယ့် နောက်ဆုံး ကြိုးစားမှု အဖြစ် ချန်ပီယံလိဂ် မှာ အောင်ပန်းဆင်နိုငိဖို့ မျှော်လင့်နေပါတယ် ။

“ကျွန်တော်တို့က ( အာဆင်နယ်ထက် ) ချန်ပီယံလိဂ်မှာ ပိုပြီး အတွေ့အကြုံ ရှိပါတယ် ။ ချန်ပီယံလိဂ် ဆိုတာ ပရီးမီးယားလိဂ်နဲ့ ယှဉ်ရင် အများကြီး ကွာခြားတဲ့ ပြိုငိပွဲတခုပါ ။ ဘိုင်ယန် က ဒီပြိုင်ပွဲမှာ ဝါရင့် သမ္ဘာရင့် အသင်းပါ ။ ဒါကို ကျွန်တော်တို့ အားသာချက် အနေနဲ့ အသုံးချသွားပါမယ်”

“ချန်ပီယံလိဂ် အတွက် ချမှတ်ထားတဲ့ အနိမ့်ဆုံး ပန်းတိုင်ဆီကိုတော့ ရောက်အောင် သွားမှာပါ ။ ပြည်တွင်းလိဂ် နဲ့ ဖလား ပွဲတွေက အသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်တွေ အပေါ် ဝေဖန်ပြောဆိုတာတွေကို ကျွန်တော်တို့ လက်ခံ ပါတယ် ။ ကျွန်တော်တို့ ခြေစွမ်းမတည်မငြိမ် ဖြစ်ခဲ့တာတွေ ကလည်း အမှန်ပါ”

“အာဆင်နယ် က လက်ရှိမှာ ပုံစံကောင်းပြနေပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တသင်းပါ ။ ဒါပေမယ့် ကျွန်တော်တို့ ဘက်ကလည်း အခုပွဲကို သေချာ ပြင်ဆင်ထားမယ်ဆိုတာကိုတော့ ပြောပြထားချင်ပါတယ်” လို့ သောမတ်စ် တူချယ် က ပြောဆိုသွားခဲ့ ပါတယ် ။

 

SPORTS MYANMAR