ဘိုင်ယန်မြူးနစ် နဲ့ ပွဲမှာ ဟယ်ရီကိန်း ကို လုံးဝ ကြောက်နေမှာ မဟုတ်ဘူးလို့ စကားစစ်ထိုးလိုက်တဲ့ ဂန်းနား ကပ္ပတိန်

ဂန်းနား ကပ္ပတိန် မာတင် အော်ဒီဂတ် က ဒီကြားရက်မှာ ကစားမယ့် ဘိုင်ယန် မြူးနစ် အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် ပထမ အကျော့ ပွဲစဉ်မှာ ပြိုင်ဘက် တိုက်စစ်မှူး ဟယ်ရီကိန်း ကို လုံးဝ ကြောက်ရွှံ့ စိုးရိမ်နေမှာ မဟုတ်ဘူးလို့ ဆို သွားခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟာ ဒီရာသီမှာ ပုံစံကောင်း ရနေတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး ပြိုင်ပွဲစုံ မှာ ဘိုင်ယန်မြူးနစ် အသင်း အတွက် စုစုပေါင်း ၃၈ ဂိုး အထိ သွင်း ယူထားပါတယ် ။ အာဆင်နယ် အသင်းရဲ့ ခါးသီး မြို့ခံပြိုင်ဘက် တော့တင်ဟမ် အသင်းမှာ ကစားခဲ့ဖူးတဲ့ ဟယ်ရီကိန်း ဟာ အာဆင်နယ် အသင်းဘက်ကို ၁၄ ဂိုး အထိ သွင်းထားဖူးသူလည်း ဖြစ်ပါတယ် ။

ဒီရာသီ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို လက်လွတ်ရဖို့ သေချာသလောက် ရှိနေတဲ့ ဘိုင်ယန်မြူးနစ် အသင်းအတွက် ချန်ပီယံလိဂ် ပြိုင်ပွဲဟာ တစ်ခုတည်းသော ဖလား မျှော်လင့်ချက် ဖြစ်ပြီး အဆိုပါ မျှော်လင့်ချက် အတွက် အရင်ဦးဆုံး ကျော်ဖြတ် ရမှာက အာဆင်နယ် အသင်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ အသင်း ခေါင်းဆောင် မာတင် အော်ဒီဂတ် ကတော့ ဘိုင်ယန်မြူးနစ် နဲ့ ပွဲမတိုင်မှီ အင်တာဗျူးမှာ ” သူ(ဟယ်ရီကိန်း) က ကစားသမားကောင်း တစ်ဦးပါ ။ ကျနော် သူနဲ့ အကြိမ် အနည်းငယ် ရင်ဆိုင် ကစားဖူးပါတယ် ၊ ဂိုးဧရိယာအတွင်းမှာ သူ့ရဲ့အရည်အသွေးက ဘယ်လို ရှိသလဲ ကျနော်တို့ သိပါတယ် ။ သူက ချိတ်ဆက် ကစားတာတွေလည်းကောင်းတဲ့ ကစားသမားပါ ။ ”

” ကျနော်တို့ အင်္ဂါနေ့မှာ အသင်းကောင်း တစ်သင်း နဲ့ ရင်ဆိုင် ကစားရမှာပါ။ ကျနော်တို့ အနေနဲ့ ဟယ်ရီကိန်း ကို လေးစားမှုတော့ ထားပါတယ် ၊ ဒါပေမဲ့ ဘယ်ကစားသမားကိုမှ ကြောက်နေမှာ မဟုတ်ပါဘူး ၊ ကျနော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကိုပဲ အာရုံ စိုက်ပြီး ကိုယ့်မှာ ရှိတဲ့ အရည်အသွေး တွေကိုပဲ ခေါင်းထဲ ထည့်ထားပါတယ် ၊ ဒါပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM