ယူရို ၂၀၂၄ အတွက် ရက်ရ်ှဖို့ဒ် နေရာ အစားဝင်သင့်တဲ့ အင်္ဂလန် စတား ၂ဦးရဲ့ အမည်ကို ထုတ်ဖော်လာတဲ့ ဂျိုကိုးလ်

 

မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား မားကပ်စ် ရက်ရ်ှဖို့ဒ်ဟာ ယခုတခေါက် နိုင်ငံတကာ ပွဲကာလမှာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ အရွေးခံခဲ့ရပြီး ၊ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာကြောင့် မကစားပေးနိုင်ချိန် ၄င်းဟာ ပွဲကစားခွင့် မိနစ်တွေ ပိုရခဲ့ပါတယ် ။

သို့ပေမယ့် ရက်ရ်ှဖို့ဒ်ဟာ အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်ရဲ့ ပထမ ဦးစားပေး တိုက်စစ် ကစားသမား တယောက် မဟုတ်သလို ၊ ဒီရာသီ အတွင်း ခြေစွမ်းခြေစ မတည်ငြိမ်မှုကြောင့် လာမယ့် ယူရို ၂၀၂၄ ကို ဆင်နွှဲခွင့် ရနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေ ခံထားရပါတယ် ။

တဖက်မှာ တောင်ပံတိုက်စစ် အတွက် ပွဲထွက်ခွင့် ပြိုင်ဆိုင်မှုကလည်း ခါတိုင်းထက် ပိုပြီး ပြင်းထန်နေတာကြောင့် ၊ ရက်ရ်ှဖို့ဒ် အနေနဲ့ ယူရို ဆင်နွှဲခွင့် ရချင်တယ်ဆိုရင် လက်ကျန် ရာသီ တလျှောက် သရဲနီတို့နဲ့ အတူ သူ့ရဲ့ စွမ်းဆောင်ရည်ကို ဆက်လက် မြှင့်တင်ဖို့ လိုနိုင်ပါတယ် ။

ချဲလ်ဆီးနဲ့ လီဗာပူး တောင်ပံကစားသမားဟောင်း ဂျိုကိုးလ်ကတော့ ခြေမငြိမ်တဲ့ ရက်ရ်ှဖို့ဒ် နေရာမှာ သူ့အနေနဲ့ နိုင်ငံ အတွက် ဘယ်နှမိနစ် ကစားခွင့်ရရ ဂုဏ်ယူနေမယ့် ဝက်စ်ဟမ်း တောင်ပံကစားသမား ဂျရော့ဒ် ဘိုဝမ် ၊ ချဲလ်ဆီး တောင်ပံကစားသမား ကိုးလ်ပါလ်မာတို့ကိုသာ အင်္ဂလန်ရဲ့ ယူရို လူစာရင်းမှာ ထည့်ရွေးမယ့် အကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

Channel 4 နဲ့ တွေ့ဆုံရာမှာ ဂျိုကိုးလ် က ” ခင်ဗျားဟာ သတင်းစာ ခေါင်းကြီးပိုင်းမှာ ဖော်ပြခံရပါလိမ့်မယ် ။ လက်ရွေးစင် အသင်းမှာ ကစားသမားတွေကို ထုတ်လိုက် ထည့်လိုက် လုပ်ရခြင်း အတွက် အကြောင်းအရင်း ရှိပါတယ် ။ မားကပ်စ်ကို ကစားသမား တယောက် အနေနဲ့ ကျွန်တော် ကြိုက်နှစ်သက်ပါတယ် ။ ”

” သူဟာ ထိပ်တန်းအဆင့် ကစားသမား တယောက် ဖြစ်ပေမယ့် ၊ သူဟာ ခြေစွမ်း မငြိမ်တဲ့ ဘောလုံးရာသီ တခုကို ပိုင်ဆိုင်နေတာပါ ။ ဒီရာသီအတွင်း သူ့ရဲ့ ခြေစွမ်း အတက်အကျ များစွာ ရှိခဲ့ပါတယ် ။ သူ့ရဲ့ ကစားသမား ဘဝ တလျှောက်လုံး ဒီလိုမျိုး ဖြစ်နေတာပါ ။ သူဟာ ရနိုင်တဲ့ ခြေစွမ်း အမြင့်ဆုံး ပုံစံကို ရောက်ရှိခဲ့ပြီးပါပြီ ။ ”

” ကျွန်တော့ရဲ့ အင်္ဂလန် အသင်းမှာဆို သူ့ကို ပွဲထုတ်မှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ ၃ယောက်တန်း တိုက်စစ်မှာ ဟယ်ရီကိန်း ၊ ဘူကာယို ဆာကာနဲ့ ဖီးလ်ဖိုဒန်တို့ကို ကျွန်တော် တွဲပေးထားမှာမို့ပါ ။ အသင်းသားတိုင်းသာ ကြံ့ခိုင်မှု ပြည့်နေရင် ဒါက ကျွန်တော့ရဲ့ ပွဲထွက် တိုက်စစ်အတွဲ ဖြစ်ပါတယ် ။ ”

” ဒါဆို ကျွန်တော် ဘယ်ကနေပြီး ဝှက်ဖဲ ကစားသမားမျိုး ရမှာလဲ ? ရက်ရ်ှဖို့ဒ်ကို သူ လက်ရှိ ပိုင်ဆိုင်ထားတဲ့ ကစားသမား ဘဝ အနေအထားနဲ့ အချိန်အခါ အရ ကျွန်တော် အခုပဲ မေးခွန်းထုတ်လိုက်တာကြောင့် ၊ ကွင်းထဲမှာ ဘယ်နှမိနစ်ပဲ ကစားရ ကစားရ အဓိပ္ပာယ် ရှိမယ့် တစုံတဦးကို ပြောပါဆိုရင် ဂျရော့ဒ် ဘိုဝမ်လို ကစားသမားမျိုး ဖြစ်မယ် မဟုတ်လား ? ”

” အကယ်၍ ဘိုဝမ်သာ ယူရို ဆင်နွှဲခွင့် ရပြီး ၊ တမိနစ်လောက်ပဲ ကစားခဲ့ရမယ်ဆိုရင် သူဟာ ဒီနိုင်ငံမှာ ကိုယ့်ကိုယ်ကို ဂုဏ်အယူဆုံး လူသား တဦး အဖြစ် ခံယူပါလိမ့်မယ် ။ ကိုးလ်ပါလ်မာ ဆိုရင်လည်း ထိုနည်း၄င်းပါပဲ ။ သူတို့ဟာ ဒီလို ပြိုင်ပွဲတွေမှာ အင်္ဂလန် လက်ရွေးစင် ဖြစ်လာနိုင်တဲ့ ကစားသမားတွေလို့ ကျွန်တော် ယူဆပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR