ကိုးလ်ပါလ်မာကို အင်္ဂလန်ရဲ့ ခြေစမ်းပွဲ ၂ပွဲလုံးမှာ ဘာကြောင့် မသုံးခဲ့လဲ ဆိုတာ ရှင်းလင်းလာတဲ့ ဆောက်ဂ်ိတ်

 

ချဲလ်ဆီး လူငယ် တောင်ပံ ကစားသမား ကိုးလ်ပါလ်မာဟာ ယခုတခေါက် နိုင်ငံတကာ ပွဲကာလ အတွင်း အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် ၊ ဘရာဇီး ၊ ဘယ်လ်ဂျီယမ် အသင်းတွေနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲတွေမှာ တမိနစ်မှ ကစားခွင့် မရခဲ့ပါဘူး ။

ပါလ်မာဟာ ကြံ့ခိုင်မှု မပြည့်သေးတာကြောင့် ၊ အင်္ဂလန် အသင်းဖော်တွေနဲ့ လေ့ကျင့်ချိန် သိပ်မရခဲ့ပဲ ၊ ဘယ်လ်ဂျီယမ်နဲ့ ပွဲမှာ အရန်ခုံမှာသာ ထိုင်ခဲ့ရပါတယ် ။ သို့ပေမယ့် ၄င်းဟာ ယူရို ၂၀၂၄ အတွက် အင်္ဂလန် လူစာရင်းမှာ အရွေးခံရနိုင်သေးကြောင်း နည်းပြဖြစ်သူ ဂါရတ် ဆောက်ဂိတ်က အခုလိုပဲ ဖြေရှင်းလာပါတယ် ။

ဆောက်ဂိတ် က ” လက်ရွေးစင် ကစားသမား စာရင်း ထုတ်ပြန်ကတည်းက တောင်ပံတိုက်စစ် နေရာတွေ အတွက် ပွဲကစားခွင့် ပြိုင်ဆိုင်မှုတွေ ရှိနေတယ်လို့ ကျွန်တော် ပြောခဲ့ပြီးသားပါ ။ အသင်းလိုက် ထရိန်နင်တွေကို ကိုးလ်ပါလ်မာ လွဲချော်ခဲ့တာက အနည်းငယ် စိတ်မကောင်းစရာပါပဲ ။

” ဒါကြောင့် သူ့ကို ဘယ်လ်ဂျီယမ်နဲ့ ပွဲမှာ ကျွန်တော်တို့ ထည့်မသုံးနိုင်ခဲ့တာပါ ။ ဂေါ်ဒွန် ၊ မက်ဒီဆင်တို့ဆီက ဘာတွေ ရမယ် ဆိုတာ ကျွန်တော်တို့ဖက်က ရာနှုန်းပြည့် မသေချာသေးပါဘူး ။ ကိုးလ်ကိုလည်း ဒီအနေအထားကနေ ဖယ်ထုတ်လို့ မရသေးပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ အင်္ဂလန်ရဲ့ အားထားရတဲ့ တောင်ပံကစားသမား ဂျက်ဂရီးလစ်ရ်ှဟာ ဒီရာသီ အတွင်း ဒဏ်ရာ ပြဿနာ တပုံတပင်နဲ့ လုံးပန်းနေခဲ့ပြီး ၊ ဒါဟာ ၄င်းကို လာမယ့် ယူရိုအတွက် လူစာရင်းကနေ ချန်လှပ်သွားမလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး ဆောက်ဂိတ် က ” ဂျက်ကိုလည်း ယူရို လူစာရင်းကနေ ဖယ်ထုတ်လို့ မရသေးပါဘူး ။ ဒီတခေါက် International Break အတွက် လူစာရင်း မထုတ်ပြန်မီ သူ့ကို ကျွန်တော် ဆက်သွယ်စကားပြောခဲ့ပါသေးတယ် ။ ဒါပေမယ့် ဂေါ်ဒွန်နဲ့ ဘိုဝမ်တို့ဟာ ဒီကစားသမားတွေကို တွန်းအားပေးနေတယ်လို့ ကျွန်တော် ပြောခဲ့ပါတယ် ။ ”

” အန်သိုနီ ဂေါ်ဒွန်ဟာ ကလပ်အဆင့်မှာ အတော်လေး ခြေစွမ်းပြထားပါတယ် ။ ပထမပွဲမှာ မားကပ်စ် ရက်ရ်ှဖို့ဒ် ပွဲထွက်ကစားခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော် ဂေါ်ဒွန်ကို ထပ်မြင်ချင်ပါသေးတယ် ။ ဒုတိယပွဲမှာ လူစားဝင်လာခဲ့တဲ့ ဂျိမ်းစ် မက်ဒီဆင်ဟာ အသင်း အပေါ် သက်ရောက်မှု ပေးစွမ်းခဲ့ပါတယ် ။ ”

” နောက်ပြီး ဘိုဝမ်ဟာလည်း တကယ်ကောင်းတဲ့ လေ့ကျင့်မှုနဲ့ ကစားအားကို ပြနိုင်ခဲ့ပါတယ် ။ ဒီတော့ ဒီနေရာတွေ အတွက် ပြိုင်ဆိုင်မှုက ရှိနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR