ယူရို ၂၀၂၄ရဲ့ အုပ်စုအနေအထားများ

ဂျာမနီ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကြီး အတွက် အသင်းအားလုံး ပြီးပြည့်စုံ သွားခဲ့ပါပြီ ။ နောက်ဆုံးပိတ် လမ်းကြောင်းကနေ ပိုလန် ၊ ယူကရိန်း နဲ့ ဂျော်ဂျီယာ အသင်းတို့ ခြေစစ်ပွဲ အောင်မြင်လာခဲ့ကြတာပါ ။ ဂျော်ဂျီယာ အတွက်တော့ တကယ့်ကို အောင်မြင်မှုကြီးပါပဲ ။

 

၄ နှစ်မှ ၁ ကြိမ်ကျင်းပတဲ့ ပြိုင်ပွဲကြီး ဖြစ်တာကြောင့် ယူရို ရဲ့ ခမ်းနားမှုဟာ ကမ္ဘာ့ဖလားပြီးရင် ဒုတိယ အကြီးမားဆုံး နိုင်ငံ ပြိုင်ပွဲလို့တောင် ပြောနိုင်ပါတယ် ။ ပြိုင်ပွဲတိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ၊ မထင်မှတ်တဲ့ ရလဒ်နဲ့ ခြေစွမ်းပြမှုတွေ ကြုံရလေ့ ရှိတာကြောင့် ဒီတခါမှာလည်း ဘယ်အသင်းတွေ ဘယ်လို အနေအထားမျိုး ကြုံတွေ့ ရမလဲဆိုတာ သိချင်နေကြပါပြီ ။

အုပ်စု A မှာတော့ အိမ်ရှင် ဂျာမနီ က ဆွစ်ဇာလန် ၊ ဟန်ဂေရီ ၊ စကော့တလန် တို့နဲ့ တအုပ်စုတည်း ကျရောက် နေပါတယ် ။ ပြီးခဲ့တဲ့ ခြေစမ်းပွဲ မှာ နယ်သာလန် ၊ ပြင်သစ် တို့ကို အနိုင်ကစားထားတဲ့ ဂျာမနီ ဟာ စုဖွဲ့မှု အတော်လေး အားကောင်းနေပါတယ် ။ တိုနီ ကရူးစ် ပြန်ပါလာတဲ့ ကွင်းလယ်က အရမ်းကို တောင့်တင်းနေပြီး ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ စာရင်းထဲ ထည့်သွင်းထားရမှာပါ ။ အုပ်စု ပထမလည်း ရဖို့ များပါတယ် ။ ဒုတိယ နေရာကိုတော့ ဆွစ်ဇာလန် ၊ ဟန်ဂေရီ နဲ့ စကော့တလန် တို့ အကျိတ်အနယ် လုကြရမှာပါ ။ ခြေစစ်ပွဲမှာတုန်းက စပိန် ကို ခြောက်ခြားစေခဲ့ပေမယ့် စကော့တလန် က ပြိုင်ပွဲကြီး အတွေ့ အကြုံ နည်းပါး ပါတယ် ။ ယူရို ၂၀၂၀ တုန်းက မထင်မှတ်တာတွေ လုပ်ပြခဲ့ဖူးတဲ့ ဟန်ဂေရီ နဲ့ အမြဲတမ်း ဖျက်မြင်း အဆင့်မှာ ရှိနေတဲ့ ဆွစ်ဇာလန် တို့ ထဲက ပဲ နောက်တဆင့်ကို တက်လှမ်းသွားဖို့ အလားအလာ များနေပါတယ် ။

အုပ်စု B ကတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ အကြပ်ဆုံး အုပ်စုလို့တောင် ပြောရမှာပါ ။ ဒီဘက်နှစ်တွေမှာ အရမ်း ကောင်းလာတဲ့ ခရိုအေးရှား ၊ ယူရို ရဲ့ လက်ရှိ ချန်ပီယံ အီတလီ ၊ နေးရှင်းလိဂ် ချန်ပီယံ စပိန်တို့ အတူ ကျနေတဲ့ အုပ်စုမှာ အယ်လ်ဘေးနီးယား က အဖြည့်ခံဆိုတာထက် ပိုတဲ့ စွမ်းဆောင်ရည် ကို ထုတ်ပြန်နိုင်မလားဆိုတာ သံသယ ဖြစ်စရာပါ ။ ဒီ ၃ သင်း ထဲမှာ ဘယ် ၂ သင်း နောက်တဆင့် တက်မယ်ဆိုတာ တကယ် မှန်းရခက်ပါတယ် ။

အုပ်စု C ကတော့ အင်္ဂလန် အတွက် တနေရာဖယ်ထားပြီး ဖြစ်မှာပါ ။ ခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတွေ မကြုံခဲ့ရ ပေမယ့် အင်္ဂလန် တို့ အခုနောက်ပိုင်း ပြိုင်ပွဲတွေမှာ အုပ်စုအဆင့်တွေကို လွယ်လွယ်ပဲ ကျော်ဖြတ် လာနိုင်ခဲ့ပါတယ် ။ အခု အုပ်စုမှာလည်း ဒိန်းမတ် နဲ့ ဆားဘီးယား တို့က အင်္ဂလန်ကို ခက်ခဲစေနိုင်ပေမယ့် အုပ်စုကနေ ဖြုတ်ရလောက်အောင်တော့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး ။ နောက်တသင်းကတော့ စလိုဗေးနီးယားပါ ။ ဒိန်းမတ် နဲ့ ဆားဘီးယား တို့ အုပ်စု ဒုတိယနေရာအတွက် အားပြိုင်ရနိုင်ပြီး ပိုကြိုက်မိတာ ကတော့ ဆားဘီးယားပါပဲ ။

အုပ်စု D က လွယ်လွယ်ကူကူခန့်မှန်းလို့ ရလောက်တယ်လို့ ထင်ရပေမယ့် အန္တရာယ် ရှိတဲ့ အုပ်စုပါ ။ ပြင်သစ် ကို နောက်တဆင့် တက်မယ့် အသင်းလို့ တွက်ရတာ မခက်ပေမယ့် နယ်သာလန် လည်း လိုက်တက်နိုင်တယ်လို့ ပြောဖို့ကျ ထင်သလောက် မလွယ်ကူပါဘူး ။ နယ်သာလန် ရဲ့ ခြေက အရမ်း အကောင်းကြီး မဟုတ်သလို နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ တောက်လျောက် ကောင်းနေတဲ့ သြစတြီးယား ဟာ အခု ယူရို ရဲ့ Dark Horse ဖြစ်လာနိုင်ချေ မြင့်နေပါတယ် ။ ဒီအုပ်စုမှာ မထင်မှတ်ထားတာတွေ ဖြစ်လာမယ်ဆိုရင်တော့ အံ့သြမိမှာ မဟုတ်ပါဘူး ။

အုပ်စု E မှာတော့ ဘယ်လ်ဂျီယံသားတွေ အသက်ရှူချောင်နိုင်ပါတယ် ။ Play-off မှာ ယူကရိန်း သူရဲကောင်း ဖြစ်ခဲ့တဲ့ မူဒရစ် တယောက် သူ့ရဲ့ အစွမ်းတွေကို ယူရိုမှာ ဘယ်လောက်ထိ ထုတ်ပြနိုင်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပါ ။ ဘယ်လ်ဂျီယံ ကို ဖယ်ထားလိုက်ရင် ယူကရိန်း ၊ ရိုမေးနီးယား ၊ စလိုဗက်ကီးယား တို့က မျှတပါတယ် ။ စိတ်ဝင်စားဖို့ ကောင်းတဲ့ အားပြိုင်ပွဲတွေ ဖြစ်လာမှာပါ ။

အုပ်စု F မှာတော့ ပေါ်တူဂီ ၊ တူရကီ ၊ ချက် နဲ့ မျက်နှာသစ်လေး ဂျော်ဂျီယာ တို့ ပါဝင်နေပါတယ် ။ ဂျော်ဂျီယာ က အတွေ့အကြုံယူမယ့် အိမ်ဖြည့်အဆင့်ထက် မပိုနိုင်ပါဘူး ။ ပေါ်တူဂီ အတွက် ချောင်လည်တဲ့ အုပ်စု အနေအထား ဖြစ်ပြီး လူထုတ်မမှားဖို့တော့ ဂရုစိုက်ရမှာပါ ။ တူရကီ နဲ့ ချက်တို့ ဒုတိယ နေရာကို အပြိုင်လုရဖို့ သေချာသလောက်ပါပဲ ။

 

ယူရို ပြိုင်ပွဲရဲ့ Format အရ အုပ်စု ၆ ခုကနေ ပထမနဲ့ ဒုတိယ စုစုပေါင်း ၁၂ သင်း နောက်တဆင့် တက်လာမှာ ဖြစ်ပြီး အကောင်းဆုံး အုပ်စု တတိယ ၄ သင်းလည်း ပါဝင်လာကြဦးမှာ ဖြစ်တာကြောင့် အသင်းကြီးတိုင်း နောက်တဆင့်တက်ဖို့ အခွင့်အရေးက အတော်လေး ကောင်းမွန်ပါတယ် ။ ဘယ်သူတွေ ဘယ်လို အစွမ်းပြမယ် ဆိုတာကတော့ နောက် ၃ လ လောက်မှာ သိရတော့မှာပါ ။

 

SPORTS MYANMAR