ပရီးမီးယားလိဂ် Title race မှာ ဘယ်အသင်း အောင်ပွဲခံသွားမလဲဆိုတာ ခန့်မှန်းလိုက်တဲ့ ခရောက်ခ်ျ

 

ပီတာခရောက်ခ်ျက လီဗာပူးဟာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးကာ ယာဂန်ကလော့ကို အကောင်းဆုံး နှုတ်ဆက်ပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပြီး အာဆင်နယ် ကလည်း title race မှာ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ်တွေ မတိုင်မီ ၈ ပွဲဆက်တိုက် နိုင်ပွဲရယူကာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဂန်းနားတို့ဟာ ဒီတစ်ပတ်မှာ မန်စီးတီးကို အီတီဟတ်မှာ သွားကစားရမှာ ဖြစ်ပြီး လီဗာပူးကတော့ ဘရိုက်တန်ကို အန်ဖီးမှာ ကစားရမှာ ဖြစ်ပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းဟာ မနှစ်က ဖလား ၃ လုံး ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ရာသီအစတုန်းက ပီတာခရောက်ခ်ျက ယာဂန်ကလော့ဟာ လီဗာပူးမှာ သူ့ရဲ့ ဒုတိယမြောက် ဆုဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။

အင်္ဂလန် နဲ့ လီဗာပူး တိုက်စစ်မှုးဟောင်းက သူဟာ ဒီခန့်မှန်းချက် အပေါ် ဆက်လက် ယုံကြည်နေဆဲလို့ ဆိုလိုက်ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ အကောင်းဆုံး ပုံစံပြသပြီး title race မှာ အခြေအနေကောင်းကို ပိုင်ဆိုင်နေတဲ့ အာဆင်နယ်ကိုတော့ ချီးကျူးသွားခဲ့ပါတယ်။

ခရောက်ခ်ျက “ရာသီအစမှာတုန်းက လီဗာပူးတို့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်လိမ့်မယ်လို့ ကျနော် ပြောခဲ့ပါတယ်။ လူတော်တော်များများက ကျနော် bias ဖြစ်တယ်လို့ ထင်နေကြမှာပါ။ သူတို့ အနည်းငယ်တော့ မှန်ကန်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ အမှတ်ပေးဖလားနဲ့ ပက်သက်ပြီး သူတို့ကိုလည်း ထည့်ပြောနိုင်အောင် လုပ်နိုင်ခဲ့ပါတယ်။

သမိုင်းကြောင်းတွေ အရကတော့ မန်စီးတီးဟာ ရေပန်းအစားဆုံးပါ။ ပြီးခဲ့တဲ့လပိုင်းကတော့ မြင်းနှစ်ကောင်ပြေးတဲ့ပွဲ ဆိုပြီး ပြောခဲ့ကြပေမယ့် အခုကတော့ အာဆင်နယ်ကလည်း ဒီထဲမှာ ပါ၀င်လာခဲ့ပါပြီ။ အာဆင်နယ်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ အကောင်းဆုံး ကစားကာ နိုင်ပွဲတွေ ဆက်တိုက်ရယူခဲ့ပါတယ်။ အကယ်လို့များ သူတို့ ဒဏ်ရာရ ကစားသမားတွေ ပြန်ရမယ်ဆိုရင် သေချာပေါက် Three-horse race ပါပဲ။

ဒါပေမယ့် ကျနော်ကတော့ လီဗာပူးပဲ ဗိုလ်စွဲလိမ့်မယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။ သူတို့ ဒီလို လုပ်နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။