ယူရို ၂၀၂၄ ဆင်နွှဲဖို့ အခွင့်အရေး လုံးဝ မရှိတဲ့ အင်္ဂလန် စတားရဲ့ အမည်ကို ထုတ်ဖော်လာတဲ့ ပေါလ်မာဆင်

 

လက်ရှိမှာ ၂၀၂၃ – ၂၀၂၄ ရာသီရဲ့ နောက်ဆုံး International Break ကာလကို ဖြတ်သန်းလျက် ရှိပြီး ၊ အင်္ဂလန် လက်ရွေးစင် အသင်းဟာ ဒီ၂ပတ်အတွင်း ဘရာဇီး ၊ ဘယ်လ်ဂျီယမ် အသင်းတွေနဲ့ ခြေစမ်းပွဲ ကစားသွားဖို့ ရှိပါတယ် ။

ဒီရာသီ သိမ်းအပြီးမှာတော့ အင်္ဂလန်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကို ဆင်နွှဲတော့မှာ ဖြစ်လို့ ၊ နည်းပြ ဂါရတ် ဆောက်ဂိတ် အတွက် ယခုတကြိမ် ကစားသမား ရွေးချယ်မှုဟာ ယူရိုအတွက် အနီးကပ် ကြိုတင်ပြင်ဆင်မှု အရဆုံး ကာလလို့ သတ်မှတ်နိုင်ပါတယ် ။

ဒီတကြိမ်မှာလည်း ချဲလ်ဆီး တောင်ပံကစားသမား ရာဟင်း စတာလင်ဟာ ဆောက်ဂိတ်ရဲ့ ဖယ်ခေါက်ခြင်းကို ခံထားရဆဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဒီရာသီ အတွင်း ခြေမမှန်နေတဲ့ ၄င်းကိုယ်တိုင်ကြောင့် လာမယ့် ယူရို ဆင်နွှဲခွင့် အလားအလာက နည်းသထက် နည်းလာပြီ ဖြစ်ပါတယ် ။

အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်က စတာလင် အတွက် ယူရိုမှာ နေရာ တနေရာစာ ရှိလိမ့်မယ် မထင်ကြောင်းနဲ့ ဝက်စ်ဟမ်း တောင်ပံကစားသမား ဂျရော့ဒ် ဘိုဝမ်ကပင် စတာလင်ကို ကျော်ပြီး ဆောက်ဂိတ်ရဲ့ ပဏာမစာရင်းထဲ ကျော်တက် နေရာရနိုင်ခြေ ပိုများကြောင်း အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

မာဆင် က ” သူဟာ တိုက်စစ်ကစားသမား တယောက် အနေနဲ့ အရာရာ လွဲမှားနေတဲ့ အချိန် ၊ အခိုက်အတန့်တွေ ကျော်ဖြတ်နေရပါတယ် ။ ခင်ဗျား ပိုကြိုးစားလေ ၊ အခြေအနေက ပိုဆိုးလေပါပဲ ။ ဒါက ယုံကြည်မှုပါပဲ ။ ချဲလ်ဆီးနဲ့ ပရိသတ်တွေရဲ့ ဖိအားက သူ့ရဲ့ ကျောပေါ်မှာ ရောက်နေပါတယ် ။ ”

” သူဟာ လက်စတာနဲ့ ပွဲတုန်းက ဟက်ထရစ်တောင် ရနိုင်ခဲ့သင့်ပါတယ် ။ အဲလိုသာဆို အခုအချိန် ကျွန်တော်တို့ဟာ သူ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ဘယ်လိုဖြစ်လို့ အရွေးမခံရသလဲ ဆိုပြီး ဆွေးနွေးနေကြမှာပါ ။ ”

” အဲဒီအစား ကျွန်တော်တို့ဟာ သူ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ လက်ရွေးစင် ပွဲအရေအတွက် ကစားခွင့်ရခဲ့လဲ ဆိုပြီး တွေးနေကြရပါတယ် ။ အဲလောက်ထိကို ဘောလုံးက အပြောင်းအလဲ မြန်တာပါ ။ စတာလင် ခြေစွမ်း အတော်ဟော့ခဲ့တုန်းက သူဟာ နောက်ခံလူတွေ ကပ်မရအောင်အထိ ကောင်းခဲ့ပါတယ် ။ ပွဲကြီးတွေမှာ တိုးပေါက်ခဲ့ပါတယ် ။ ”

” အနာဂတ်မှာ ဆောက်ဂိတ် တယောက် သူ့ကို မခေါ်ဖို့ ဆုံးဖြတ်ချက် ချထား ၊ မချထား ဆိုတာ ကျွန်တော်လည်း မသိပါဘူး ။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို ယူရိုမှာ မြင်ရမယ် မထင်ပါဘူး ။ အထူးသဖြင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပွဲအပြီး သူ့ကို အင်္ဂလန်မှာ မြင်ရဖို့ ခက်ခဲပါလိမ့်မယ် ။ ”

” ဂျရော့ဒ် ဘိုဝမ်ဟာ တိုက်စစ်က နေရာ ၃ ၊ ၄ခုလောက် ကစားပေးနိုင်ပါတယ် ။ ကျွန်တော် သူ့ကို ကြိုက်ပါတယ် ။ သူဟာ မန်နေဂျာတွေရဲ့ အိပ်မက်ပါပဲ ။ သူဟာ အရာရာ ပေးစွမ်းနိုင်ပါတယ် ။ ဒါပေမယ့် သူဟာ ယူရို အတွက် ကစားသမားစာရင်းကနေ ကပ်လွဲကောင်း လွဲနိုင်ပါတယ် ။ ”

” သူဟာ ကံဆိုးနေခဲ့ပေယ့် ၊ ဆောက်ဂိတ်မှာ ရွေးချယ်စရာ အများကြီး ရှိနေပါတယ် ။ စတာလင်သာ ခြေစွမ်းတွေ ထိုးထောင်ပြီး ပြနေရင် သူလည်း ခေါင်းချွေးပြန်နေလောက်ပါပြီ ။ ဒီနွေရာသီမှာ စိတ်ပျက်စရာကောင်းတဲ့ ကစားသမား တချို့ ရှိလာပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR