အာဆင်နယ်နဲ့ကစားရမယ့် အပေါ် ဘိုင်ယန်မြူးနစ် နည်းပြ နှင့် ကပ္ပတိန် တို့ ဘယ်လို တုန့်ပြန် မှတ်ချက် ပေးခဲ့ကြသလဲ

 

မနေ့က ညနေမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် မဲခွဲပွဲ ပြုလုပ် ခဲ့ရာ ပွဲအားလုံးဟာ ပရိသတ်တွေကို ရင်ခုန် စိတ်လှုပ်ရှားမှု အပြည့် ပေးနိုင်တဲ့ ပွဲတွေချည်း ဖြစ်နေခဲ့ပါတယ် ။ ပရီးမီးယားလိဂ် ရဲ့ဦးဆောင်သူ အာဆင်နယ် အသင်း‌ကတော့ အရင်တုန်းက ပြိုင်ဘက်ဟောင်းကြီး ဘိုင်ယန်မြူးနစ် နဲ့ ထပ်မံ တွေ့ဆုံ နေပါတယ် ။

အာဆင်နယ် နှင့် ဘိုင်ယန်မြူးနစ် ပွဲက အနိုင်ရတဲ့ အသင်းဟာ ရီးယဲလ်မက်ဒရစ် နှင့် မန်စီးတီး ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံ ရမှာ ဖြစ်တာကြောင့် လမ်းကြောင်း မချောင်တဲ့ အနေအထားမှာ ရှိနေပါတယ် ။

ဘိုင်ယန်မြူးနစ် အသင်း နည်းပြ တူချယ် ကတော့ အာဆင်နယ် နဲ့ တွေ့ဆုံမှု အပေါ် ” ကျနော်တို့ အနေနဲ့ တွေးကြည့်တာနဲ့တင် အတော်လေး ခက်ခဲကြောင်း သိနိုင်တဲ့ လမ်းကြောင်း တစ်ခုကို ရင်ဆိုင် ကျော်ဖြတ်ရတော့မှာပါ ။ အခုဆို ဥရောပ ရဲ့အကောင်းဆုံး အသင်း တစ်သင်း နဲ့ ရင်ဆိုင် ကစားရပါတော့မယ် ၊ အာဆင်နယ် က ထိပ်တန်းအဆင့်မှာ တည်တည်ငြိမ်ငြိမ် နဲ့ ရပ်တည် ကစားပြနေတာ နှစ်နှစ်ကျော် ရှိပါပြီ ၊ သိပ်ကို အန္တရယ် ရှိတဲ့ အသင်း တစ်သင်းပါ ၊ သူတို့ ဂိုးတွေလည်း အများကြီး သွင်းထားပါတယ် ၊ ဒါပေမဲ့ ကျနော်တို့ သူတို့ကို ရင်ဆိုင်ဖို့ ပြင်ဆင် သွားမှာပါ ၊ ကျနော်တို့မှာ ရှိတဲ့ အရည်အသွေးကို ကျနော် ကောင်းကောင်း သိပါတယ်။ ”

အသင်း ခေါင်းဆောင် ဂိုးသမား မန်နျူရယ် နော်အာ ကလည်း ” အာဆင်နယ် က သိပ်ကို တောင့်တင်း သန်မာတဲ့ အသင်းပါ ၊ စိတ်ဓတ်ပိုင်းဆိုင်ရာလည်း ကောင်းပါတယ် ။ နောက်ပြီး သူတို့က လက်ရှိ ပရီးမီးယားလိဂ် ရဲ့ အမှတ်ပေး ဇယား ကို ဦးဆောင် နေတဲ့ အသင်းပါ ။ ”

” တကယ့်ကို ခက်ခဲမယ့် ပွဲနှစ်ပွဲ ဖြစ်ပါလိမ့်မယ် ။ ကျနော်တို့ အနေနဲ့ နောက်တစ်ဆင့် တက်ဖို့ ကျနော်တို့မှာ ရှိတဲ့ အရာ အားလုံး ထုတ်ကစားသွားမှာပါ ၊ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ထိပ်တိုက် ‌တွေ့ဆုံမှု ဖြစ်မှာပါ ၊ ဒီလို ပွဲမျိုးကို ကစားခွင့် ရတော့မှာ ဖြစ်တဲ့ အတွက်လည်း ဝမ်းသာ ပျော်ရွှင် မိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM