နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားသွားခဲ့တဲ့ အာဖရိကဖလား ပွဲစဉ်တွေမှာတော့ အီကွေတိုရီရယ် ဂွီနီယာ အသင်းဟာ အိမ်ရှင် အိုင်ဗရီကိုစ့် အသင်းကို ၄-၀ နဲ့ အနိုင်ကစားခဲ့ပြီး နိုက်ဂျီးရီးယားနဲ့ အတူ နောက်တဆင့်ကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။ အိုင်ဗရီကိုစ့် ကတော့ အုပ်စုတတိယ အဖြစ်နဲ့ နောက်တဆင့်တက်ဖို့ ဆက်လက် မျှော်လင့်ရတော့မှာပါ ။

 

အုပ်စု ဘီ မှာတော့ ခြေစွမ်းပြနေတဲ့ ကိတ် ဗာဒီ အသင်းဟာ အီဂျစ် အသင်းနဲ့ ၂ ဂိုးစီ သရေကျပြီး ၂ သင်းစလုံး နောက်တဆင့်ကို တက်လှမ်းသွားခဲ့ပါတယ် ။ အီဂျစ် ဟာ ၃ ပွဲစလုံးကို သရေကျပြီး ၃ မှတ်သာ ရရှိခဲ့ ပေမယ့် ဂါနာ နဲ့ မိုဇမ်ဘိ တို့ကလည်း ၂ မှတ်စီသာ ရရှိခဲ့ကြတာကြောင့် အုပ်စု ဒုတိယ နေရာကို ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

 

အီတလီ စူပါဖလား ဗိုလ်လုပွဲမှာတော့ အင်တာမီလန် အသင်းဟာ နာပိုလီ အသင်းကို လူတာရို မာတီနက် ရဲ့ ၉၀+၁ မိနစ် က တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံ အဖြစ် အောင်ပွဲခံသွားခဲ့ပါတယ် ။

 

အပြောင်းအရွှေ့ သတင်းတွေမှာတော့ ဝက်စ်ဟမ်း အသင်းဟာ မန်စီးတီး ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ် ကို အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက် လုပ်ဆောင်လာတယ်လို့ သိရှိရပါတယ် ။

 

အီဂျစ် အတွက် ကစားပေးရင်း ဒဏ်ရာ ရရှိသွားတဲ့ မိုဟာမက် ဆာလာ ရဲ့ ဒဏ်ရာ အခြေအနေဟာ မျှော်လင့် ထားတာထက် ပိုမို ပြင်းထန်ပြီး တလ နီးပါး အနားယူရနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ် ။

 

ဘိုင်ယန်မြုးနစ် နဲ့ ယူဗင်တပ် တောင်ပံ ကစားသမားဟောင်း ဒေါက်ဂလပ် ကော်စတာ ကတော့ ဘရာဇီး ကို ပြန်သွားပြီး ဖလူမင်နီးစ် အသင်းကို ပြောင်းရွှေ့ ကစားတော့မယ်လို့ သိရပါတယ် ။

 

ဝက်ဖိုဒ့် အသင်းကတော့ တူရကီ ကလပ် အစ္စတန်ဘူ ဘာဆက်ဆီဟာ အသင်းမှာ ကစားနေတဲ့ အသင်းသားဟောင်း အီမန်နျူရယ် ဒင်းနစ် ကို အငှား နဲ့ ပြန်လည် ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ် ။ ဒင်းနစ် ဟာ အသင်းဟောင်း ကို ကူညီဖို့ အတွက် လက်ရှိ လုပ်ခ ရဲ့ ၇၀% ကို လျော့ယူပြီး ကစားပေးသွားမယ်လို့လည်း သိရပါတယ် ။

 

ရှက်တာ ဒိုးနက် အသင်းကတော့ ၂၀၀၃ ခုနှစ်ဖွား ခရိုအေးရှား ကစားသမား မာတင် ဘာတူရီနာ ကို ခေါ်ယူဖို့ ဆွေးနွေး ညှိနှိုင်း နေတယ်လို့ ကြားသိရပါတယ် ။

 

ပြင်သစ် ကလပ် လီယွန် အသင်းဟာ အယ်လ် အစ်တီဟတ် အသင်းမှာ အဆင်မပြေ ဖြစ်နေတဲ့ သူတို့ရဲ့ တိုက်စစ်မှူးဟောင်း ဘန်ဇီးမား ကို ခေါ်ယူဖို့ စိတ်အားထက်သန် နေတယ်လို့ သိရပါတယ် ။ ဒါပေမယ့် ဘန်ဇီးမား အနေနဲ့ ပြင်သစ်ကလပ်မှာ ပြန်ကစားနိုင်ဖို့ အတွက် လုပ်ခ လျော့ယူဖို့ လိုအပ်နေသလို ဆော်ဒီလိဂ် ဘက်ကလည်း ဘန်ဇီးမား ကို လက်လွှတ်ဖို့ ဆန္ဒ မရှိသေးဘူးလို့ သိရပါတယ် ။

 

SPORTS MYANMAR