ဗီလာနဲ့ ပွဲမှ ချဲလ်ဆီး စတား တဦးရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ် ဝေဖန်ထောက်ပြခဲ့တဲ့ ဖရန့်လီဘို့ဖ်

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ ရဖို့ နီးစပ်နေတဲ့ အက်စ်တွန် ဗီလာ အသင်းကို အဝေးကွင်းမှာ အနောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ၊ ဒုတိယပိုင်းမှာ ရခဲ့တဲ့ ချေပဂိုးတွေကြောင့် တဖက် ၂ဂိုးစီ သရေရလဒ် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

ထိုပွဲမှာ ချဲလ်ဆီး ကစားသမားတွေဟာ ပထမပိုင်း အတွင်း ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့ပြီး ၊ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ရဲ့ သွင်းဂိုး လူကျွံခဲ့တာက လွဲရင် ၊ ဗီလာကို ဖိဖိစီးစီး ဒုက္ခ မပေးနိုင်ခဲ့တာကို တွေ့ရပါတယ် ။

သို့ပေမယ့် ဒုတိယပိုင်း အတွင်း နည်းပြ ဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုရဲ့ နည်းစနစ် အလှည့်အပြောင်းကြောင့် ခြင်္သေ့ပြာတို့ရဲ့ ကစားပုံ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ပြီး ၊ နွန်နီ မက်ဒူးကီ ၊ ကော်နာ ဂေါ်လဂါ ၊ မွိုက်ဆက်စ် ကိုင်စီဒိုနဲ့ မာ့ခ်ကူကူရယ်လာတို့ရဲ့ တဦးချင်း ခြေစွမ်းက အတော်လေး အားရစရာကောင်းခဲ့ပါတယ် ။

သို့သော်ငြားလည်း ခြေစွမ်း တက်မလာပဲ ဒုံးရင်းအတိုင်း ဖြစ်နေခဲ့တာကတော့ ဘယ်တောင်ပံမှ ယူကရိန်း လက်ရွေးစင် ကြယ်ပွင့် မစ်ခ်ဟိုင်းလို မူဒရစ်ပဲ ဖြစ်ပါတယ် ။ ပွဲချိန်ပြည့်နီးပါး ကစားခွင့် ရခဲ့ပေမယ့် မူဒရစ်ဟာ အသင်းဖော်တွေနဲ့ အချိတ်အဆက်မိဖို့ရော ၊ တကိုယ်တော် ထိုးဖောက်မှုတွေမှာပါ အလွဲလွဲ အချော်ချော် ကြုံနေရဆဲ ဖြစ်ပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ အသက် ၂၂နှစ် အရွယ်ရှိ ယင်းယူကရိန်းသားမှာ ပင်ကိုအရည်အချင်းအရ လက်ဆောင်မွန် ရှိနေပေမယ့် ၊ ကစားပုံ စတိုင်လ်အရ ချဲလ်ဆီး အတွက် ဘယ်လိုမှ အထောက်အကူ မပြုနေကြောင်း စိုးရိမ်ဖွယ် ဝေဖန်ပြောဆိုလာပါတယ် ။

ESPN ရုပ်သံဌာနနဲ့ တွေ့ဆုံရာမှာ လီဘို့ဖ် က ” အခု မူဒရစ် အကြောင်း ကျွန်တော်တို့ ပြောကို ပြောရပါမယ် ။ သူ ဘယ်မှာလဲဗျ ? ဒါက မူဒရစ်ရဲ့ အဓိက ပြဿနာပါ ။ ခင်ဗျားတိုဟာ လူငယ် ကစားသမား တယောက်ကို အထိုင်ကျစေဖို့ အချိန်ပေးရပါတယ် ။ အထူးသဖြင့် စစ်ဖြစ်နေတဲ့ တိုင်းတပါးကနေ ခင်ဗျား ရောက်လာတဲ့အခါ စိတ်ပိုင်းဆိုင်ရာအရ အရမ်း ခက်ခဲပါတယ် ။ ”

” ဒါပေမယ့် သူ ရထားတဲ့ အချိန်က အတော်လေး ကြာလာပါပြီ ။ ဒါက သူ့နိုင်ငံ အတွက်တော့ ကောင်းပါလိမ့်မယ် ။ ဘာလို့လဲဆိုတော့ သူ အဲဒီမှာ ဂိုးသွင်းနေတာကိုးဗျ ။ ဒါပေမယ့် ဒါက ချဲလ်ဆီး အတွက်တော့ အလုပ်မဖြစ်နေပါဘူး ။ သူ ပြေးတာ ကစားတာ မြန်ပေမယ့် တည်ငြိ်မ်မှု မရှိတဲ့ပုံ ပေါ်နေပါတယ် ။ ”

” သူ့ကို ကြည့်ရတာ အသင်းမှာ အသင်းဖော်တွေနဲ့ အတူတကွ ချိတ်ဆက် ကစားရတာကို ဘာတခုမှ သဘောပေါက်တဲ့ပုံ မပေါ်နေပါဘူး ။ သူ့ရဲ့ မသိစိတ်မှာ ခံစားချက် တခု ရှိနေပါတယ် ။ တခုခုတော့ တခုခုပါပဲ ။ ဒါက လက်ဆောင် တခုလိုပဲ ပြောကောင်းပြောရမလား ? ဒါပေမယ့် သူဟာ အသင်းဖော်တွေနဲ့ ဘယ်တော့မှ တွဲဖက် ကစားနိုင်မယ့်ပုံကို မပေါ်နေပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR