ဂိုးရဖို့ ရုန်းကန် နေရပေမယ့် တိုက်စစ်မှူး ဝယ်ဖို့ အစီအစဉ် မရှိသေးကြောင်း ဖွင့်ဟလာတဲ့ အာတီတာ

လီဗာပူး အသင်း နဲ့ အက်ဖ်အေ ဖလား ပွဲမှာ သွင်းဂိုး ရဖို့ ရုန်းကန် ခဲ့ရပေမယ့် အာဆင်နယ် အသင်း နည်းပြ အာတီတာ ကတော့ ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးသစ် ခေါ်ဖို့ အစီအစဉ် မရှိသေးကြောင်း ထုတ်ဖော် ပြောကြား လာခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ လီဗာပူး အသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ နောက်ခံလူ ခီဗီယော ရဲ့ကိုယ့်ဂိုးကိုယ် သွင်းယူမှု ၊ လူးဝဇ် ဒီယက်ဇ် ရဲ့ နောက်ဆုံး မိနစ် သွင်းဂိုး နဲ့ အတူ နှစ်ဂိုးပြတ် အရေးနိမ့် သွားခဲ့ပြီး အက်ဖ်အေ ဖလား ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရပြီ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ လီဗာပူး နဲ့ ပွဲမှာ အပိုင် အခွင့်အရေးတွေ အများအပြား ရခဲ့ပေမယ့် တိုက်စစ် ကစားသမားတွေ အဆုံးသတ် ညံ့ဖျင်း နေခဲ့ကြပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရတာပါ ။ နောက်ဆုံး ၃ ပွဲမှာ အာဆင်နယ် အသင်းဟာ ဂိုးပေါက် ။ကန်သွင်းချက် ၆၁ ကြိမ် အထိ ရှိခဲ့ပေမယ့် သွင်းဂိုး တစ်ဂိုးသာ ရခဲ့ပါတယ် ။

ဂျေးဇု ဒဏ်ရာရနေချိန် ၊ တိုက်စစ်ကလည်း ဂိုးရဖို့ အတော်လေး ရုန်းကန် နေရပေမယ့် အာတီတာ ကတော့ ဒီဇန်နဝါရီမှာ တိုက်စစ်မှူးသစ် ခေါ်ဖို့ အစီအစဉ် မရှိကြောင်း လီဗာပူး နဲ့ ပွဲအပြီး အင်တာဗျုး မှာ ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော့်ရဲ့ အလုပ်က ကစားသမားတွေ ပိုမို တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ပေးဖို့ပါ ။ အသင်းမှာ ရှိတဲ့ ကစားသမားတွေ နဲ့ ရလဒ်ကောင်းတွေ ရယူဖို့ပါ ။ အဓိက က ကျွန်တော်တို့ ဘာတွေ လိုအပ်နေတာလဲ နှင့် ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ ဆိုတာ ကို သိဖို့ပါပဲ ၊ ကျွန်တော်တို့ လုပ်နိုင်တာက အသင်းမှာ ရှိတဲ့ ကစားသမားတွေဘက်က ရပ်တည် ပေးဖို့ပါ ။ ”

” ပရိသတ်တွေကို ကျွန်တော် တစ်ခု တောင်းဆို ချင်တာက အသင်း ကို ဆက်လက် ထောက်ခံ အားပေးဖို့ပါ ။ အားလုံးက တကယ့်ကို ကောင်းကြတဲ့ အသင်း တစ်သင်းပါ ။ ပရိသတ်တွေ အနေနဲ့ သူတို့ဘက်က ရပ်တည် ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM