ဘိုင်ယန်ကို ရှုံးကာ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရပြီးနောက် အာဆင်နယ် စတား ၂ဦး အပေါ် အပြစ်တင်သွားတဲ့ အွန်နရီ

အာဆင်နယ် အသင်းဟာ မနေ့ညက ကစားသွားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းကို ညာနောက်ခံလူ ဂျိုရွှာ ကင်းမစ်ခ်ျရဲ့ တလုံးတည်းသော ခေါင်းတိုက်ပေးဂိုးနဲ့ အတူ ၂ကျော့ပေါင်း ရလဒ် ၃ – ၂ နဲ့ အရေးနိမ့်ကာ ၊ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ် ။

ပထမအကျော့ အမ်းမရိတ်စ်မှာ အနိုင်မရခဲ့တာကြောင့် ဂန်းနားတို့ ဒီပွဲမှာ ပိုပြီး သတိရှိရှိ ကစားခဲ့ရပြီး ၊ ပထမပိုင်းကို အဆင်ပြေပြေ ကစားနိုင်ခဲ့ပေမယ့် ၊ ဒုတိယပိုင်း တပိုင်းလုံးမှာ ခြေစွမ်းက အတော်လေး စိတ်ပျက်စရာကောင်းခဲ့ပါတယ် ။

ခံစစ်က အာရုံစိုက်မှု အားနည်းခဲ့တဲ့ အပြင် ၊ ဂိုးပေးရအပြီး အာဆင်နယ်တို့ ချေပဂိုး ပြန်ရဖို့ နာရီဝက်လောက် အချိန်ရခဲ့ပေမယ့် ၊ ဘိုင်ယန် ဂိုးသမား မန်နူရယ် နူအာကို တုန်လှုပ်စေမယ့် ခြိမ်းခြောက်မှု တစုံတရာပင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး ။

အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီကတော့ ပေးခဲ့ရတဲ့ ဂိုးမှာ အဓိက လိုအပ်ချက် ရှိခဲ့ကြတဲ့ ဘယ်ခြမ်းမှ တောင်ပံကစားသမား ဂါဘရီရယ် မာတင်နယ်လီနဲ့ ညာနောက်ခံလူ တိုမိုယာစုတို့ကို အပြစ်တင်သွားခဲ့ပေမယ့် ၊ ချန်ပီယံလိဂ်က နှုတ်ဆက်ခဲ့ရတာက ပရီးမီးယားလိဂ်ကို အာရုံပိုစိုက်စေနိုင်လိမ့်မယ်လို့တော့ အကောင်းမြင်ထားပါတယ် ။

CBS Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ အွန်နရီ က ” ဒီနေ့ပွဲက အာဆင်နယ်ရဲ့ အဓိက ပြဿနာ ? ဂိုးပေါက်ထဲကို ဝင်အောင် အဆုံးသတ် ကန်သွင်းယူတာပါ ။ ဒါပေမယ့် ဒီနေ့မှာ ဂိုးသွင်းဖို့ အခွင့်အရေးတောင် များများစားစား မဖန်တီးနိုင်ခဲ့ပါဘူး ။ ကျွန်တော် ပြောရရင် ဒီပွဲမှာ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်က လုံလုံလောက်လောက် မကောင်းခဲ့ပါဘူး ။ ”

” ပထမအကျော့တုန်းက ပေးခဲ့ရတဲ့ ၂ဂိုးလုံးက ပျော့လွန်းပါတယ် ။ ချန်ပီယံလိဂ်မှာ ဒီလို အမှားမျိုးတွေ ကျူးလွန်မိရင် ခင်ဗျား အနေနဲ့ ပေးဆပ်ရလိမ့်မယ် ဆိုတာ ကျွန်တော်တို့ အားလုံး သိပြီးသားပါ ။ ဒီနေ့ပွဲမှာကိုက ပြောစရာ များများစားစား မရှိခဲ့ပါဘူး ။ ၂သင်းလုံးဟာ မရှုံးချင်တာကြောင့် ဘယ်သူကမှ အရဲမစွန့်ခဲ့ကြပါဘူး ။ ”

” ပေးလိုက်ရတဲ့ ဂိုးကလည်း ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အခိုက်အတန့်မျိုးသာ ဖြစ်ပါတယ် ။ မာတင်နယ်လီ သာမက တိုမိုယာစုလည်း မှားခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ အသင်းဖော် ခံစစ်မှူး အတွက် ဖြတ်တင်ဘော ကူညီ တားဆီပေးဖို့ cover မလုပ်ခဲ့လို့ပါ ။ ”

” ဒါပေမယ့် ခင်ဗျားတို့ ကျွန်တော့ကို ကြိမ်ဖန်များစွာ မေးဖူးပါတယ် ။ အာဆင်နယ် ဒီရာသီ ချန်ပီယံလိဂ် ရနိုင်မယ် ထင်သလားပေါ့ ။ ကျွန်တော်ကတော့ Yes လို့ ဖြေခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ မျှော်လင့်နေခဲ့ပြီး ၊ ဆုတောင်းနေခဲ့မိလို့ပါပဲ ။ ”

” ဒါပေမယ့် တပတ် ၃ပွဲ ကစားတဲ့အခါ ကျွန်တော်တို့ ရုန်းကန်ရပါတယ် ။ တပတ် ၃ပွဲ ကစားဖို့ အထိ ကျွန်တော်တို့မှာ လုံလောက်တဲ့ ပြင်ဆင်မှု အနေအထားမျိုး ရှိနေတယ်လို့ မထင်ပါဘူး ။ ဒီတော့ အခုလို ချန်ပီယံလိဂ်က ထွက်လိုက်ရတာက ပရီးမီးယားလိဂ် အတွက် အာရုံစိုက်ဖို့ ကောင်းတဲ့ အရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR