ချန်ပီယံလိဂ်ကို ဘယ်နိုင်ငံအသင်းတွေက ၅ သင်းဝင်ခွင့် ရရှိမှာလဲ ?

လာမယ့် ရာသီမှာ အသင်းအရေအတွက် တိုးမြှင့် ကျင်းပမယ့် ချန်ပီယံလိဂ် အတွက် UEFA ဟာ နေရာသစ်တွေ လုပ်ဆောင်ပေးခဲ့ ပါတယ် ။ အဲ့ဒီအတွက် ဥရောပ ထိပ်သီးလိဂ် ၄ ခုထဲက ၂ ခုဟာ ၄ သင်းဝင်ခွင့် ရရှိ နေရာကနေ ၅ သင်းအထိ တိုးမြှင့် ပါဝင်ခွင့် ရရှိနိုင်တော့မှာပါ ။ ဒါပေမယ့် ဘယ်လိဂ် က အသင်းတွေလဲ ဆိုတာကတော့ အခုထိ အဖြေမပေါ်သေးပါဘူး ။

ဒီ အပို ဝင်ခွင့်အတွက် ရွေးချယ်ရာမှာတော့ လိဂ်တွေရဲ့ UEFA Coefficient System နဲ့ တိုင်းတာ ဆုံးဖြတ်မှာ ဖြစ်ပြီး အမှတ်အမြင့်ဆုံး လိဂ် ၂ ခု ဟာ အဆင့် ၅ အထိ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရယူပိုင်ဆိုင် နိုင်မှာပဲ ဖြစ်ပါတယ် ။

ဒီ UEFA Coefficient ရမှတ်တွေဟာ ယူအီးအက်ဖ်အေ လက်အောက် က အဓိက ကလပ် ပြိုင်ပွဲကြီး ၃ ခု စလုံးက ရလဒ်တွေကို တွက်ချက်တာ ဖြစ်တာကြောင့် ယူရိုပါ ကွန်းဖရင့်စ်လိဂ် က အခြေအနေတွေဟာလည်း UCL Extra Spot အတွက် အရေးပါလာခဲ့ပါတယ် ။

လက်ရှိမှာ အီတလီ က Coefficient အမှတ်အများဆုံးနဲ့ ဦးဆောင်နေပြီး အင်္ဂလန် နဲ့ ဂျာမနီ တို့ကတော့ ရမှတ် အလွန်နီးကပ်စွာနဲ့ အထက်အောက် ရပ်တည်နေပါတယ် ။ ပြီးခဲ့တဲ့ ကွာတားဖိုင်နယ် ပထမအကျော့တွေမှာ အာဆင်နယ် က ဘိုင်ယန်ကို သရေကျခဲ့တာ ၊ ဝက်စ်ဟမ်း က လေဗာကူဆင်ကို ရှုံးနိမ့်ခဲ့တာ ၊ လီဗာပူး က အတ္တလန်တာ ကို အရေးနိမ့်ခဲ့တာတွေဟာ ပရီးမီးယားလိဂ် ရဲ့ ၅ သင်းဝင်ခွင့်ကို အနှောက်အယှက် ဖြစ်လာ စေခဲ့ ပါတယ် ။

ဒါပေမယ့် မနေ့ညတုန်းက ဒေါ့မွန် က အသက်လက်တီကို မက်ဒရစ်ကို အနိုင်ယူပြီး နောက်တဆင့် တက်သွားတာကြောင့် ဂျာမနီ ရဲ့ ရမှတ်တွေ တိုးလာခဲ့ပါတယ် ။ လေဗာကူဆင် ကလည်း ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ် တက်ဖို့ အလားအလာကောင်းနေတာကြောင့် နောက်ထပ် အမှတ်တွေ ထပ်ရဦးမှာပါ ။ ဘိုင်ယန် သာ အာဆင်နယ်ကို အနိုင်ယူခဲ့မယ်ဆိုရင်တော့ ဒီအားပြိုင်မှုက စောစော အဖြေတောင် ထွက်သွားနိုင်လောက်ပါတယ် ။

တကယ်လို့ အာဆင်နယ် သာ ဘိုင်ယန်ကို အနိုင်ယူပြီး ဆီမီး တက်ခဲ့မယ် ၊ မန်စီးတီး ကလည်း ဆီမီးဖိုင်နယ် ရောက်လာမယ် ၊ အက်စတွန် ဗီလာ လည်း ယူရိုပါ ကွန်းဖရင့်စ်လိဂ် မှာ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့မယ် ဆိုရင်တော့ အင်္ဂလန် ဟာ လာမယ့် ချန်ပီယံလိဂ်မှာ ၅ နေရာအထိ ဝင်ခွင့်ရဖို့ ဂျာမနီ နဲ့ ဆက်လက် အားပြိုင်နိုင်ဦးမှာပါ ။

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ အသင်းဟောင်း စပါး ပရိသတ်တွေဟာ ဒီနေ့ည ပွဲမှာ သူပါဝင်တဲ့ ဘိုင်ယန်ကို နောက်တဆင့် တက်စေချင်လိမ့်မယ်ဆိုတာ သူသိနေပါတယ်လို့ ထုတ်ပြောထား ပါတယ် ။ ဒါပေမယ့် တကယ်တမ်းမှာတော့ အာဆင်နယ် ရဲ့ အနိုင်ရရှိမှုသာလျင် စပါး ( အဆင့် ၅ နေရာနဲ့ ရာသီပိတ်နိုင်ချေ မြင့်တဲ့ ) ကို လာမယ့် ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေမှာပါ ။

SPORTS MYANMAR