မန်ယူနိုက်တက် ခံစစ်မှူးကို ခေါ်ယူဖို့ တိုက်တွန်း ကြတဲ့ ချဲလ်ဆီး နောက်ခံလူဟောင်းများ

 

ချဲလ်ဆီး အသင်းရဲ့ နောက်ခံလူဟောင်းတွေ ဖြစ်ကြတဲ့ ဂလန်း ဂျွန်ဆင် နဲ့ ဝီလ်ယံ ဂါးလက်စ် တိ့ုဟာ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ရာဖေး ဗာရန်း ကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်း ပြောဆို သွားခဲ့ ကြပါတယ် ။ ဗာရန်း ဟာ အခုရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန် ခဲ့ရပြီး နည်းပြ အဲရစ် တန်ဟတ် ရဲ့ စီမံကိန်းမှာလည်း မပါဝင်တော့တာကြောင့် လာမယ့် နွေရာသီမှာ အိုးထရက်ဖိုဒ့် ကို စွန့်ခွာဖွယ် ရှိနေပြီး အသင်းဖော်ဟောင်း ရိုနယ်ဒို ကစားနေတဲ့ အယ်လ်နက်ဆာ အသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ သတင်းကြီးနေသူ ဖြစ်ပါတယ် ။

“ထိပ်တန်း ကစားသမားတွေကို တခါတလေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ ရနိုင်တာမျိုးတွေ ရှိပါတယ် ။ လက်ရှိ ဗာရန်း ဟာ လွန်ခဲ့တဲ့ ၃-၄ နှစ်တုန်းက ကစားသမား မဟုတ်တော့ပေမယ့် အခုချိန်ထိ သူက ထိပ်တန်း အဆင့်မှာ ရှိနေတုန်းပါပဲ”

“လက်ရှိမှာတော့ သူက ဒဏ်ရာနဲ့ ရုန်းကန် နေရသူပါ ။ ဒါပေမယ့် သူ့ကို အလွတ်နဲ့ ရနိုင်မှာပါ ။ ဒါကို ထည့်စဉ်းစားသင့်ပါတယ်” လို့ ချဲလ်ဆီး နောက်ခံလူဟောင်း ဂလန်း ဂျွန်ဆင် က ပြောဆိုခဲ့တာ ဖြစ်ပါတယ် ။ ချဲလ်ဆီး နဲ့ အာဆင်နယ် နောက်ခံလူဟောင်း ဝီလ်ယံ ဂါးလက်စ် ကလည်း ဂျွန်ဆင် ရဲ့ ပြောဆိုမှုကို ထောက်ခံ ပေးခဲ့ပါတယ် ။

“တကယ်လို့ ဗာရန်း ကို အလွတ်နဲ့ ခေါ်မယ် ၊ သူ က အသင်းရဲ့ ပွဲ ၄၀% ကိုပဲ ကစားပေးနိုင်ခဲ့မယ် ဆိုရင်တောင်မှ ဒါက ကောင်းတဲ့ အပြောင်းအရွှေ့ ဖြစ်လာမှာပါ ။ သီယာဂို ဆေးလ်ဗား ဘယ်လို ကစားသမားမျိုး ဖြစ်ခဲ့သလဲ ဆိုတာ ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီး ပါပြီ ။ ဗာရန်း ဟာလည်း ဆေးလ်ဗားလိုမျိုး ချဲလ်ဆီးကို အထောက်အကူ ဖြစ်စေနိုင်မှာပါ” လို့ ဂါးလက်စ် က ပြောဆိုသွားခဲ့ ပါတယ် ။

SPORTS MYANMAR