အဲဗာတန်နဲ့ ပွဲမှာ ပင်နယ်တီ လုကန်ခဲ့ဖို့ ကြိုးပမ်းခဲ့ကြတဲ့ မက်ဒူးကီနဲ့ ဂျက်ဆင်ကို ပြစ်ဒဏ် ပေးဖို့ ရှိမရှိ ဖြေကြားလာတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ တမြန်နေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အဲဗာတန် အသင်းကို ၆ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် ယူရိုပါလိဂ် ဝင်ခွင့် တနေရာ အတွက် အခွင့်အရေး ပြန်လည် ရှိလာပြီ ဖြစ်ပါတယ် ။ ဒီပွဲဟာ ပိုချက်တီနို လက်ထက် ခြေစွမ်း အကောင်းဆုံး ပွဲလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။

သို့ပေမယ့် ပိုချက်တီနိုဟာ ဂိုးပြတ်နိုင်ပွဲ အကြောင်း ရှင်းလင်းနေရမယ့်အစား ၊ ထိုပွဲအတွင်း လူပြောများခဲ့ရတဲ့ ပင်နယ်တီ လုကန်ဖို့ ကြိုးစားမှု အကြောင်းကိုပဲ အဓိက ရှင်းခဲ့ရပါတယ် ။ ကနဦးမှာ ဒီပင်နယ်တီကို တောင်ပံကစားသမား နွန်နီ မက်ဒူးကီနဲ့ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်တို့က လုကန်ဖို့ ကြိုးပမ်းခဲ့ပါတယ် ။

အဆုံးမှာတော့ အသင်းခေါင်းဆောင် ကော်နာ ဂေါ်လဂါက ကိုးလ်ပါလ်မာကသာ ပင်နယ်တီ ကန်ရမယ့်သူ ဖြစ်ကြောင်း အဆုံးအဖြတ် ပေးခဲ့ပါတယ် ။ ချဲလ်ဆီး ပရိသတ်တွေကတော့ ပိုချက်တီနိုကို ဂျက်ဆင်နဲ့ မက်ဒူးကီအား ထိုက်သင့်တဲ့ ပြစ်ဒဏ် တချို့ ပေးဖို့ အလိုရှိနေကြပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဒါနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက ” မဟုတ်ပါဘူး ။ ဒါက အပြစ်ပေးတဲ့ အကြောင်းနဲ့ မသက်ဆိုင်ပါဘူး ။ ဒါက သင်ယူလေ့လာဖို့ ဖြစ်ပါတယ် ။ သူတို့တွေဟာ လူငယ်လေးတွေပါ ။ ဒီလိုမျိုး သူတို့ ပြုမူတတ်ကြပါတယ် ။ ဒါက ကော်နာ ( ဂေါ်လဂါ ) ဆီက အသင်းခေါင်းဆောင် တယောက်လို အရမ်းကောင်းတဲ့ တုန့်ပြန်မှု ဖြစ်တယ်လို့ ထင်ပါတယ် ။ ”

” ဒီလို အပြုအမူမျိုး ကျွန်တော်တို့ နောက်ထပ် ပြသလို့ မဖြစ်ပါဘူး ။ ဒါဟာ အသင်းသားတိုင်း အတွက် အပြစ်ပါပဲ ။ ဘာလို့လဲဆိုတော့ ပါလ်မာ ကွင်းထဲမှာ ရှိနေရင် ၊ ပွဲစကတည်းက ကစားနေရင် သူသာ ပင်နယ်တီ ကန်သွင်းတဲ့သူ ဆိုတာ သူတို့ သိထားကြလို့ပါ ။ ”

” နောက်ပြီး ကျွန်တော်တို့ မမေ့ရမှာက အရမ်း ခက်ခဲတဲ့ အခြေအနေမျိုးမှာပေါ့ ၊ ဘန်လေနဲ့ ပွဲတုန်းက ခင်ဗျားတို့ မှတ်မိကြရဲ့လား ? အဲဒီ ပင်နယ်တီကို ဘယ်သူမှ တာဝန်မယူချင်ခဲ့ကြပေမယ့် ၊ ပါလ်မာက ဘောလုံး ယူပြီး ၊ ကိုယ်တိုင် အဆုံးသတ်ကာ သူ့ရဲ့ ကိုယ်ပိုင်ဟန်ကို ပြသခဲ့ပါတယ် ။ ”

” ဒီနေ့လို ဖြစ်ရပ်မျိုးက ဖြစ်တတ်ပါတယ် ။ ကျွန်တော်တို့ ပြောနေခဲ့ကြတဲ့ အကြောင်းအရာ အားလုံးကို ကျွန်တော် ပြန်ရှင်းပြပေးနိုင်ပါတယ် ။ ဒါက ရှက်စရာပါ ။ နောက်ထပ် မဖြစ်စေရပါဘူးလို့ ပြောရင်း ၊ တောင်းပန်ရုံပဲ ကျွန်တော် တတ်နိုင်ပါတယ် ။ သူတို့ ကလေးလို ပြုမူနေဦးမယ် ဆိုရင်တော့ ဒီနေရာမှာ ဒါမျိုး မဖြစ်နိုင်တော့ပါဘူး ။ ”

” အမှန်ဆို ပွဲစကတည်းက ကျွန်တော်တို့ရဲ့ ကစားပုံ မယုံနိုင်ဖွယ် ကောင်းခဲ့တယ် ဆိုတဲ့ အကြောင်း ဒီနေ့ ပြောနေရမှာပါ ။ အခုတော့ ဒါမျိုး ဖြစ်ခဲ့လို့ စိတ်ပျက်ရသလို ၊ ဒါက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ အရာ တခုပါပဲ ။ ကျွန်တော်တို့ ဒီအကြောင်း ဆွေးနွေးဖို့လည်း မထိုက်တန်ပါဘူး ။ ဒီအတွက် ပရိသတ်တွေကို ကျွန်တော် တောင်းပန်ပါတယ် ။ ”

” ဒါက အသင်း တည်ဆောက်မှု ဖြစ်စဉ်တွေထဲက တခုပါပဲ ။ ဒါက မလွယ်ပါဘူး ။ ဒါကြောင့် ကျွန်တော်တို့ သင်ယူ လေ့လာဖို့ ၊ ဆုံးဖြတ်ချက် ပြတ်သားဖို့ လိုပါတယ် ။ နောက်ရာသီ အတွက် အချက်အလက်တွေ ၊ ဆုံးဖြတ်ချက် ချဖို့ အကြောင်းနဲ့ ပတ်သက်လာတဲ့အခါ ဒါက ကျွန်တော်တို့ အနေနဲ့ အဓိက အာရုံစိုက်ဖို့ လိုမယ့် အရာမျိုး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR