ချန်ပီယံလိဂ် မရရင် ကျရှုံးတဲ့ ရာသီပဲလို့ ဆိုတဲ့ ဘိုင်ယန် တိုက်စစ်မှူး ဟယ်ရီကိန်း

 

ဘိုင်ယန်မြုးနစ် အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း က သူတို့ အသင်းဟာ ချန်ပီယံလိဂ်ဖလားကို အရယူဖို့ ရည်မှန်းထားပြီး ချန်ပီယံလိဂ်အောင်ပွဲ မရရှိခဲ့ဘူးဆိုရင် ကျရှုံးတဲ့ ရာသီတခုလို့ သတ်မှတ်ရမှာ ဖြစ်တယ်လို့ သတိပေး ပြောဆိုသွားခဲ့ ပါတယ် ။

ဘိုင်ယန် ဟာ အခုနှစ် ဘောလုံး ရာသီမှာ ပိုကယ်ဖလား ကို လက်လွှတ်လိုက်ရသလို ၁၁ နှစ် ဆက်တိုက် ဗိုလ်စွဲ လာခဲ့တဲ့ ဂျာမန် ဘွန်ဒစ်လီဂါ အမှတ်ပေး ချန်ပီယံဆုကိုလည်း လေဗာကူဆင် အသင်းဆီ လွှဲပြောင်း ပေးအပ် ခဲ့ရပါတယ် ။

ချန်ပီယံလိဂ် မှာတော့ ဘိုင်ယန်တို့ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိနေပြီး ပထမအကျော့မှာ အာဆင်နယ် အသင်းနဲ့ ၂ ဂိုးစီ သရေကျထားခဲ့ပါတယ် ။ ဒီကနေ့ ညမှာတော့ သူတို့ အာဆင်နယ် ကို အိမ်ကွင်းမှာ ပြန်လည် ဧည့်ခံ ကစိားရတော့မှာပါ ။

“ဘိုင်ယန်မြူးနစ်လို ကလပ်ကြီး အနေနဲ့ ဘာဖလားမှ မရယူနိုင်ခဲ့ဘူးဆိုရင် ကျိန်းသေပေါက် ကျရှုံးတဲ့ ရာသီလို့ ဆိုရမှာပါ ။ ဘွန်ဒစ်လီဂါ နဲ့ ပိုကယ်ဖလားကို ကျွန်တော်တို့ လက်လွှတ်လိုက်ရပြီး ပါပြီ ။ ဒါကြောင့် ချန်ပီယံလိဂ် ကပဲ ကျွန်တော်တို့ အတွက် တခုတည်းသော ရည်မှန်းချက် ဖြစ်လာတော့မှာပါ”

“တကယ်လို့သာ ချန်ပီယံလိဂ်ကို ရယူနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ အတွက် အောင်မြင်တဲ့ ဘောလုံး ရာသီအဖြစ်နဲ့ အဆုံးသတ်နိုင်မှာ အသေအချာပါပဲ ။ ဒီအသိက ကျွန်တော်တို့ကို စိတ်အားတက်စေပါတယ် ။ အခု အကျော့မှာ ကျွန်တော်တို့ တကယ် အံ့ဖွယ်တွေ လုပ်ပြနိုင်ခဲ့မယ် ဆိုရင် အားလုံးရဲ့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာမယ်လို့ ယုံကြည်ပါတယ်” လို့ ဟယ်ရီကိန်း က ပြောဆိုသွားခဲ့ ပါတယ် ။

ဒါ့အပြင် စပါး တိုက်စစ်မှူးဟောင်း ဖြစ်ခဲ့သူ ဟယ်ရီကိန်း က စပါး ပရိသတ်တွေ အနေနဲ့လည်း အာဆင်နယ် ကို ဆီမီးဖိုင်နယ် ရောက်ဖို့ ဆန္ဒ ရှိမယ်မထင်ပါဘူးလို့ ထည့်သွင်း ပြောဆို သွားခဲ့ပါတယ် ။

SPORTS MYANMAR