ပေါင်းသန်း (၁၀၀)တန် အားပြိုင်ပွဲမှာ ဘယ်သူတွေနိုင်မလဲ ?

ချန်ပီယံရှစ် ကနေ ပရီးမီးယားလိဂ် ကို တန်းတက်လာတဲ့ အသင်းတွေဟာ လာမယ့် ရာသီမှာ ဝင်ငွေ များစွာ ၊ ဆုကြေးများစွာ ရရှိကြပါတယ် ။ ဒါကြောင့် ဒီ ဝင်ခွင့်နေရာအတွက် အားပြိုင်မှုတွေကို ပေါင် သန်း ၁၀၀ တန် တိုက်ပွဲတွေလို့ ပြောစမှတ်ပြုခဲ့ကြတာပါ ။

 

ဒီနှစ်အစမှာ လက်စတာ စီးတီး ဟာ ပြိုင်ဘက်တွေထက် ခေါင်းတလုံးမက အသာစီး ရယူပြီး ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတော့မယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ် ။ ဒါပေမယ့် မြေခွေးတွေဟာ ၁၈ မှတ်လောက် အသာရနေမှုကို အသုံးမချနိုင်ဘဲ အမှတ်တွေ လျော့ခဲ့ကြတာကြောင့် အောက်အသင်းတွေအတွက် အခွင့်အရေးတွေ ဖြစ်လာစေခဲ့ပါတယ် ။

ဒီတပတ်ပွဲစဉ်တွေ အပြီးမှာတော့ အစ်ပ်ဆွစ်ချ်တောင်း ၊ လက်စတာ နဲ့ လိဒ်ယူနိုက်တက် တို့ဟာ ပရီးမီးယားလိဂ် တိုက်ရိုက် ဝင်ခွင့် ၂ နေရာအတွက် အဓိက အားပြိုင်ဖို့ ဖြစ်လာခဲ့ပါတယ် ။ ချန်ပီယံရှစ် ရဲ့ ပထမ ၊ ဒုတိယ ၂ သင်းဟာ တိုက်ရိုက် တန်းတက်ခွင့် ရရှိမှာ ဖြစ်ပြီး အဆင့် ၃-၆ အသင်း ၄ သင်းကတော့ လက်ကျန် ၁ နေရာ အတွက် Play-off ကစားကြရမှာပဲ ဖြစ်ပါတယ် ။

 

ဒီ ၃ သင်းထဲမှာ လက်စတာ က ၁ ပွဲလျော့ ကစားထားတာကြောင့် အဆင့် ၁ နေရာကို ပြန်ရောက်နိုင်ချေ ရှိနေပါသေးတယ် ။ ရာသီကုန်ဖို့ ၃ ပွဲသာ လိုတော့ပြီး သူတို့တွေရဲ့ လက်ကျန် ပွဲတွေကတော့ –

 

အစ်ပ်ဆွစ်ချ်

ဟူးစီးတီး ( အဝေး ) ၊ ကိုဗင်ထရီ ( အဝေး ) ၊ ဟတ်ဒါဖီးလ် ( အိမ် )

လက်စတာ

ဝက်စ်ဘရွန်း ( အိမ် ) ၊ ဆောက်သမ်တန် ( အိမ် ) ၊ ပရက်စတန် ( အဝေး ) ၊ ဘလက်ဘန်း ( အိမ် )

 

လိဒ်ယူနိုက်တက်

မစ်ဒယ်ဘရော့ ( အဝေး ) ၊ ကျူပီအာ ( အဝေး ) ၊ ဆောက်သမ်တန် ( အိမ် ) တို့ပဲ ဖြစ်ကြပါတယ် ။

 

လက်စတာ နဲ့ လိဒ်ယူနိုက်တက် တို့ဟာ လက်ကျန် ပွဲတွေမှာ ၈၁ မှတ် နဲ့ စတုတ္ထနေရာမှာ ရှိနေတဲ့ ဆောက်သမ်တန် နဲ့ ကစားရမှာ ဖြစ်လို့ ပေါ့ဆလို့ မရပါဘူး ။ ဆောက်သမ်တန် ဟာ ၄၁ ပွဲတည်း ကစားရသေးတာကြောင့် ၅ ပွဲ ကျန်နေသေးပြီး ၉၆ မှတ်အထိ အမြင့်ဆုံး ရရှိနိုင်ပါတယ် ။

 

အစ်ပ်ဆွစ်ချ် ကတော့ ဟူးစီးတီး ၊ ကိုဗစ်ထရီ တို့လို အဆင့် ၁၀ အတွင်းက အသင်းတွေနဲ့ အဝေးကွင်းပွဲတွေ ကစားရမှာ ဖြစ်တာကြောင့် အထူးသတိပြုရမှာပါ ။ လိဒ် ကလည်း မစ်ဒယ်ဘရော့ ကို အဝေးကွင်းသွားရောက် ကစားရမှာ ဖြစ်လို့ ခက်ခဲနိုင်ပါတယ် ။

ပြိုင်မြင်း ၃ သင်းထဲမှာတော့ လက်စတာ စီးတီး က အိမ်ကွင်း ပွဲစဉ်တွေ များသလို ပွဲကျန်လည်း ရှိနေတာကြောင့် အလားအလာ အကောင်းဆုံးလို့ သတ်မှတ်နိုင်ပါတယ် ။ အစ်ပ်ဆွစ်ချ် က လိဒ် ထက် ၂ မှတ်အသာ ရထားသလို တိုက်စစ်ရော ခံစစ်ပါ ပိုအားကောင်းတာကြောင့် အဝေး ၂ ပွဲကိုသာ သတိပြု ကစားနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ် ကို တန်းပြန်တက်လာဖို့ အလားအလာ ပိုကောင်းနိုင်ပါတယ် ။

 

ဒါပေမယ့် ဘောလုံးမှာ ဘာမှ ကြိုပြောလို့ မရနိုင်တာကြောင့် ချန်ပီယံရှစ် ရဲ့ သန်း ၁၀၀ တန် တိုက်ပွဲတွေဟာ နောက်ဆုံးအချိန် အထိ စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းနေဦးမှာ အသေအချာပါပဲ ။