ခြေစမ်းပွဲက ခြေစွမ်းလို့ နာမည်တပ် ဝေဖန်ခံလိုက်ရတဲ့ သရဲနီ တယောက်

 

အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူဟောင်း ဂျေမီ ရက်နက် ကတော့ မနေ့ညက ဘုန်းမောက်နဲ့ ပွဲစဉ်က မန်ယူနိုက်တက် ကွင်းလယ်လူ ကက်စမဲရိုး ရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုသွားခဲ့ ပါတယ် ။ မန်ယူနိုက်တက် ဟာ ဘုန်းမောက် ကွင်းမှာ ၂ ဂိုးစီ သရေကျခဲ့ပြီး ခံစစ်အမှားတွေ ကနေ ဂိုးတွေကို လွယ်လွယ်ကူကူ ခွင့်ပြုခဲ့ရ ပါတယ် ။

မန်ယူနိုက်တက် အတွက် အသင်းခေါင်းဆောင် ဘရူနို က ၂ ဂိုးစလုံး ပြန်သွင်းပေးခဲ့ပြီး အဝေးကွင်းကနေ ရမှတ် ၁ မှတ်ကို အိမ်ပြန်ယူလာပေးခဲ့ပါတယ် ။ ဒါပေမယ့် ရာသီပြီးဆုံးဖို့ ၆ ပွဲအလိုမှာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ၁၀ မှတ်အထိ ကွာဟနေတာက မန်ယူနိုက်တက် ရဲ့ ဥရောပ ဝင်ခွင့်အိပ်မက်တွေကို ပျက်ပြယ်ဖို့ နီးစပ်သွားစေခဲ့ ပါတယ် ။

ဒီပွဲမှာ ကွင်းလယ်လူ ကက်စမဲရိုး ရဲ့ ကစားပုံဟာ ဝေဖန် ပြောဆိုချင်စရာ ဖြစ်ခဲ့ပြီး ပရိသတ်တွေ အကြားမှာလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ် ။ စပါး ၊ လီဗာပူး ၊ ဆောက်သမ်တန် အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဂျေမီ ရက်နက် ကတော့ ကက်စမဲရိုး ဟာ ရန်ပုံငွေ ခြေစမ်းပွဲကို လာကစားနေတာနဲ့တောင် တူသေးတယ်လို့ ပြစ်တင်ပြောဆို ခဲ့ပါတယ် ။

“သူ့ကစားတာကို နှစ်တွေ အကြာကြီး ကြည့်လာခဲ့ရတာပါ ။ ကျွန်တော့ အကြိုက် ကွင်းလယ်လူ ၊ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် အဖျက်သမားတွေထဲက တယောက် ဖြစ်ခဲ့တဲ့သူပါ ။ ဒါပေမယ့် အခုတော့ သူက Soccer Aid ( ရန်ပုံငွေခြေစမ်းပွဲ ) ပွဲစဉ်ကို ကစားနေသလိုပါပဲ ။ သူ ကွင်းထဲမှာ ရွေ့လျား ပြေးလွှားနေပုံက အပျော်ပွဲ တပွဲကို ကစားနေတာနဲ့ တူနေပါတယ်”

“ဒါက ပရီးမီးယားလိဂ်ပါ ။ ဒီမှာ ဒီလောက်မြန်နှုန်း နဲ့ မရပါဘူး ။ အတွေ့အကြုံ အရမ်း ရှိတယ်ဆိုရင်တောင် ဒီလို နှေးကွေးပုံမျိုးနဲ့ အဆင်မပြေပါဘူး ။ သူ့အရည်အသွေးတွေကို ကျွန်တော် သံသယ မဖြစ်ပါဘူး ။ သူကစားတာ အရမ်းလေး ၊ အရမ်းနှေးနေတယ်လို့ပဲ ပြောချင်တာပါ” လို့ ရက်နက် က ပွဲအပြီးမှာ ပြောဆို သွားခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် တနင်္ဂနွေနေ့ မှာတော့ ဝင်ဘာလေ ကွင်းကြီးထဲမှာ FA Cup ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ကိုဗင်ထရီ အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR