မန်ယူနိုက်တက်နဲ့ ပွဲတုန်းက ချဲလ်ဆီး ပရိသတ်တွေရဲ့ လုပ်ရပ် တခုဟာ ရှက်ဖို့ကောင်းကြောင်း ဝေဖန်သွားတဲ့ ပီတစ်

 

ပြီးခဲ့တဲ့ အပတ် စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချဲလ်ဆီးက မန်ချက်စတာ ယူနိုက်တက်ကို ကိုးလ်ပါလ်မာရဲ့ နောက်ကျဂိုးတွေနဲ့ အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ သရဲနီ ကွင်းလယ်လူ မေဆင်မောင့်ဟာ အသင်းဟောင်းကို ပြိုင်ဖက် အဖြစ် ပထမဆုံး အကြိမ် ရင်ဆိုင်ခဲ့ရပါတယ် ။

မောင့်ဟာ ယူနိုက်တက်မှာ ကာလရှည် ဒဏ်ရာ ရနေခဲ့တာကြောင့် နောက်ပိုင်း ပွဲစဉ် တချို့မှာမှ ကြံ့ခိုင်မှု ပြန်ပြည့်ဖို့ အရှိန်ယူနေရပါတယ် ။ ဒီအတွက်ကြောင့် ချဲလ်ဆီးနဲ့ ပွဲမှာလည်း မောင့်ဟာ ပွဲပြီးခါနီး မိနစ် တချို့သာ လူစားဝင် ကစားသမား အဖြစ် ပါဝင်ခွင့် ရခဲ့ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း ချဲလ်ဆီးကနေ မန်ယူနိုက်တက်သို့ ပေါင်သန်း ၆၀နဲ့ ပြောင်းရွှေ့ခဲ့တဲ့ မောင့်ဟာ ခြင်္သေ့ပြာ ပရိသတ်တွေရဲ့ မုန်းတီးမှုကို အကြီးအကျယ် ခံထားရကာ ၊ ထိုပွဲအတွင်း ၄င်း လူစားဝင်ခွင့် ရတဲ့အချိန်ကနေ နောက်ဆုံး ဘောလုံးထိချက်အထိ ချဲလ်ဆီး ပရိသတ်တွေရဲ့ Boo လုပ်ခြင်းကို ခံခဲ့ရပါတယ် ။

မောင့် လူစားဝင်လာတဲ့အချိန် သရဲနီတို့ဟာ ပွဲကို ၂ – ၃ ရလဒ်နဲ့ ဦးဆောင်နေခဲ့တာ ဖြစ်ပြီး ၊ ၄င်းကြောင့် ကွင်းတွင်း ပရိသတ်တွေကို ပွဲပိုဆူစေခဲ့ကာ ၊ ချဲလ်ဆီးရဲ့ ကစားအား ၊ ပွဲအရှိန်က ပိုတက်လာခဲ့တယ်လို့ ယူဆရမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီးနဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း အီမန်နူရယ် ပီတစ်ကတော့ ကိုယ့်အသင်း ငယ်မွေးခြံပေါက် ကစားသမားဟောင်း တယောက်ကို ပြန်လည် လှောင်ပြောင်ခဲ့တဲ့ ချဲလ်ဆီး ပရိသတ်တွေရဲ့ လုပ်ရပ်ဟာ ရှက်ဖို့ကောင်းပေမယ့် ၊ မောင့် ကိုယ်တိုင်ကလည်း ဒီထက် ပိုပြီး စိတ်ဓာတ် ကြံ့ခိုင်မှု ပြသင့်ကြောင်း ဝေဖန်သွားပါတယ် ။

Genting Casino နဲ့ တွေ့ဆုံရာမှာ ပီတစ် က ” ချဲလ်ဆီး ပရိသတ်တွေ မေဆင်မောင့်ကို Boo လုပ်ခဲ့ကြတာက ရှယ်စရာကောင်းခဲ့ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အသင်းက ကွင်းတွင်း အဆင်မပြေ ဖြစ်တဲ့အခါ ၊ ခင်ဗျား ဒီတိုင်း အသင်းကနေ ထွက်သွားလို့ မဖြစ်ပါဘူး ။ ခင်ဗျား အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ အခုထက် ပိုပြီး ကြံ့ခိုင်ရပါမယ် ။ ”

” အခုတော့ သူဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ကလပ် တသင်း ဖြစ်တဲ့ မန်ယူနိုက်တက်မှာ ကစားနေပါပြီ ။ သူတို့ဆီ ပြောင်းသွားတဲ့အခါ ခင်ဗျားဟာ ဘာအတွက် ရောက်လာတာလဲ ဆိုတာ သိရပါမယ် ။ သူဟာ ကာလရှည် ဒဏ်ရာ တရပ်ကနေ ပြန်လာတာပါ ။ ”

” အဆင့်အတန်း အမြင့်မားဆုံးလိဂ်မှာ ကစားနေတဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တယောက် ၊ အားကစား တယောက် အဖို့ စိတ်ပိုင်းဆိုင်ရာအရ တိုးတက်မှကို ရပါမယ် ။ ဒဏ်ရာ မရခင်က သူဟာ ကြက်ဥအခွံအပေါ်မှာ လက်လျှောက်သလို ကစားနေခဲ့တာပါ ။ စိတ်ဓာတ်ကြံ့ခိုင်မှု အနေအထားက ထိလွယ်ရှလွယ်ခဲ့ပါတယ် ။ ”

” သူဟာ ယူနိုက်တက်က မားကပ်စ် ရက်ရ်ှဖို့ဒ်နဲ့တောင် ခပ်ဆင်ဆင်ပါပဲ ။ မောင့်ဟာ ချဲလ်ဆီးကနေ ရောက်လာပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်တဲ့ပုံ မပေါ်ခဲ့ပါဘူး ။ ကျွန်တော်ဆိုလည်း အရင်က ဒီလိုမျိုး ဖြစ်ခဲ့ဖူးပါတယ် ။ ဒါက ကွင်းတွင်း ကျွန်တော့ရဲ့ စွမ်းဆောင်ရည် အပေါ် သက်ရောက်မှု ရှိခဲ့ဖူးပါတယ် ။ ”

” ဒါပေမယ့် လုပ်ပါဦး ။ ခင်ဗျားဟာ မနက်ခင်း အိပ်ရာက ထပြီး ၊ လန်ဘော်ဂီနီ ကားကြီး မောင်းခွင့် ရနေရတာပါ ။ ကိုယ့်ကိုယ်လည်း မှန်တဲ့ ပြန်ကြည့်ပါဦး ။ သူဟာ ချဲလ်ဆီး ပရိသတ်တွေရဲ့ Boo လုပ်ခြင်းကို ခံခဲ့ရပါတယ် ။ ဒါပေမယ့် အဆုံးမှာ သူဟာ ချဲလ်ဆီးမှာပဲ နေချင်ခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR