ဟာလန်းကို ဘယ်လို ရပ်တန့်ဖို့ ကြိုးစားမလဲ ဆိုတာ ဖွင့်ဟရင်း ၊ သူ ရင်ဆိုင်ဖူးသမျှ ခန့်မှန်းရ အခက်ဆုံး တိုက်စစ်မှူးရဲ့ အမည်ကို ထုတ်ဖော်လာတဲ့ ရူဒီဂါ

 

ရီးရဲလ်မက်ဒရစ် အသင်းဟာ ယနေ့ညမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲ အဖြစ် လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကို အိမ်ကွင်း ဘာနေဗျူးမှာ ဧည့်ခံ ကစားသွားဖို့ ရှိပါတယ် ။ ဒါဟာ ဒီ၂သင်း အတွက် ဒီပြိုင်ပွဲမှာ ၃ရာသီဆက်တိုက် ထိပ်တိုက် တွေ့ဆုံနေခြင်း ဖြစ်ပါတယ် ။

ရီးရဲလ်မက်ဒရစ် ခံစစ်မှူး အန်တိုနီယို ရူဒီဂါ အတွက်ကတော့ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ဒုတိယအကြိမ်မြောက် ရင်ဆိုင်ထိန်းချုပ်ရမှာ ဖြစ်ပြီး ၊ မနှစ်က ဘာနေဗျူးက တဖက်တဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာတော့ ၄င်းကို ကောင်းကောင်းမွန်မွန် ကပ်ကစားသွားနိုင်ခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ရူဒီဂါက ဟာလန်းကို ဒီတကြိမ်မှာရော ဘယ်လိုမျိုး ထိန်းချုပ် ကစားဖို့ ကြိုးပမ်းမလဲ ဆိုတာ ဖွင့်ဟရင်း ၊ ပြီးခဲ့တဲ့ ရာသီ အီတီဟတ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ သူ့ကို ထုတ်မသုံးခဲ့တဲ့ နည်းပြ ကာလို အန်ဆယ်လော့တီထံပါ အခုလိုပဲ မက်ဆေ့ခ်ျ ပေးသွားပါတယ် ။

ရူဒီဂါ က ” မနှစ်က ဘာနေဗျူးမှာ ကစားခဲ့တဲ့ ပွဲက ပွဲကောင်း တပွဲ ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီပွဲမှာ ဟာလန်းကို ကောင်းကောင်းကြီး ထိန်းနိုင်ခဲ့တယ်လို့ ထင်ပါတယ် ။ ကျွန်တော်တို့ဟာ ဒီအခြေအနေကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ပြီး ၊ သူ့ဆီ ဘောလုံး ပေးပို့မှု များများစားစား မရောက်ခဲ့ပါဘူး ။ ”

” ဒုတိယအကျော့တော့ ကျွန်တော် မကစားခဲ့ရပါဘူး ။ နည်းပြ အနေနဲ့ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့ကို တောင်းပန်စရာ မလိုပါဘူး ။ ကျွန်တော် သူ့ရဲ့ အိုင်ဒီယာကို သဘောပေါက်သလို ၊ ကစားသမား တယောက် အနေနဲ့ လက်ခံရ ခက်ခဲရင်တောင် ဒါကို လက်ခံရပါမယ် ။ ”

” ဒီနှစ် ပွဲချဉ်းကပ်ပုံကလည်း မနှစ်ကနဲ့ တူတူလောက်ပဲ ဖြစ်မှာပါ ။ ရိုးရိုးရှင်းရှင်းပြောရရင် ပြိုင်ဖက်ရဲ့ အန္တရာယ် အရှိဆုံး ကစားသမားတွေ ဖြစ်ကြတဲ့ ဒီဘရိုင်း ၊ ဖိုဒန် သို့မဟုတ် ဟာလန်းကို အတတ်နိုင်ဆုံး ကြိုးစား ထိန်းချုပ်ဖို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ရူဒီဂါက ကစားသမား ဘဝ တလျှောက် သူ ရင်ဆိုင်ဖူးသမျှ တိုက်စစ်မှူးတွေ အထဲ မန်စီးတီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ဆာဂျီယို အဂွဲရိုးက ခန့်မှန်းရ အခက်ခဲဆုံး ဖြစ်ကြောင်း အခုလိုပဲ ထုတ်ဖော် ပြောဆိုလာပါတယ် ။

ရူဒီဂါ က ” ဟာလန်းဟာ အကောင်းဆုံးနဲ့ အသန်မာဆုံး တိုက်စစ်မှူး တယောက်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး ။ ဒါပေမယ့် ကျွန်တော် ရင်ဆိုင်ဖူးသမျှ ခန့်မှန်းရ အခက်ဆုံး တိုက်စစ်မှူးကို ရွေးပါဆိုရင်တော့ အဂွဲရိုးကို ရွေးရပါမယ် ။ အခုပွဲက အဂွဲရိုး အကြောင်း မဟုတ်ပါဘူး ။ ဟာလန်း အကြောင်းပါ ။ ”

” ကျွန်တော် ရှေ့မှာ ပြောခဲ့သလို ၊ သူဟာ သူ့အသင်းဖော်တွေဆီက ဘောလုံး ပေးပို့မှုတွေနဲ့ ရှင်သန်နေတာပါ ။ ခင်ဗျားဟာ အရာရာကိုတော့ ထိန်းချုပ်မရနိုင်ပါဘူး ။ ဒီဘရိုင်းလို ကစားသမားမျိုးဟာ ဟာလန်း အတွက် ဖန်တီးမှုကောင်းတွေ လုပ်ပေးနိုင်ပါတယ် ။ ဒါကြောင့် သူ့ကိုလည်း ကပ်နိုင်ဖို့ လိုပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR