ချဲလ်ဆီးကို အထင်ကြီးအောင် လုပ်ပြဖို့ လိုလား ဆိုတဲ့ အမေး အပေါ် ပြက်ရယ်ပြုသွားတဲ့ လူကာကူ

 

တမြန်နေ့ညက ဝင်ဘလေမှာ ကစားသွားတဲ့ အင်္ဂလန် – ဘယ်လ်ဂျီယမ် ချစ်ကြည်ရေး ခြေစမ်းပွဲဟာ တဖက် ၂ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးခဲ့ပါတယ် ။ ဒီပွဲမှာ ဘယ်လ်ဂျီယမ်ဖက်ကနေ ချဲလ်ဆီးမှ ရိုးမားသို့ တရာသီ အငှားထွက်နေတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူဟာ အသင်းဖော် ယူရီ တီလီမန်းစ် အတွက် လှပတဲ့ ဖန်တီးမှု လုပ်ပေးနိုင်ခဲ့ပါတယ် ။

ကလပ်အတွက်ရော ၊ လက်ရွေးစင်အသင်း အတွက်ပါ ဂိုးသွင်း ၊ ဂိုးဖန်တီးမှုတွေ အဆက်မပြတ် လုပ်ထားတာကြောင့် လူကာကူ တယောက် လာမယ့် ဘောလုံးရာသီ သူနဲ့ ပြေလည်မှု မရနိုင်သေးတဲ့ မိခင်ကလပ် ချဲလ်ဆီးမှာ ပြန်ပြီး ကစားနိုင်လား ဆိုတဲ့ သို့လောသို့လော ယူဆချက်တွေလည်း ရာသီသိမ်းခါနီးလေ ပိုထွက်လေ ဖြစ်လာပါတယ် ။

အင်္ဂလန်နဲ့ ပွဲပြီး အင်တာဗျူး တခုမှာ သတင်းထောက် တဦးက လူကာကူကို ချဲလ်ဆီးကို အထင်ကြီးအောင် လုပ်ပြဖို့ လိုလား ဆိုပြီး မေးသွားခဲ့ရာ ၊ ယင်းဘယ်လ်ဂျီယမ်သားက ” ဒါတော့ ခင်ဗျား ချဲလ်ဆီးကို မေးကြည့်ရပါလိမ့်မယ် ။ ” လို့ ပြက်ရယ်ပြု ဖြေကြားသွားခဲ့ပါတယ် ။

တဖက်မှာ ဘယ်လ်ဂျီယမ်ဟာ ဝင်ဘလေက ခြေစမ်းပွဲမှာ ၂ကြိမ်တိုင်တိုင် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ၊ အိုင်ဗန် တိုနီရဲ့ ပင်နယ်တီဂိုး ၊ ဂျုဒ်ဘယ်လင်ဂမ်ရဲ့ နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှ ချေပဂိုးတို့ကို အသီးသီး ခွင့်ပြုပေးခဲ့ရပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး လူကာကူက အခုလို မှတ်ချက်ပြုလာပါတယ် ။

လူကာကူ က ” ဟုတ်ပါတယ် ။ အဆုံးမှာ ဒါက ဘောလုံးပါပဲ ။ ကွင်းလယ်ဒိုင်က ပွဲသိမ်းခရာ မမှုတ်မချင်း ပွဲက မပြီးသေးပါဘူး ။ ဒါပေမယ့် ခင်ဗျား ရှေ့ဆက်ရပါမယ် ။ ဒီအသင်းဟာ တိုးတက်နေဆဲ အနေအထားမှာပဲ ရှိပါသေးတယ် ။ ဒီနေ့မှာ ကျွန်တော်တို့ တော်သင့်တဲ့ စွမ်းဆောင်ရည်မျိုး ပြသခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အင်္ဂလန်ကတော့ ဘယ်လ်ဂျီယမ်ကို ရှုံးလုနီးနီးဖြစ်ခဲ့သလို ၊ ရှေ့ခြေစမ်းပွဲမှာလည်း ဘရာဇီးကို ၀ – ၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါသေးတယ် ။ အင်္ဂလန် ပရိသတ်တွေကတော့ ထို၂ပွဲမှ ခြေစွမ်းအပေါ် ဘယ်လိုမှ အားမရနေပဲ ၊ နည်းပြ ဂါရတ် ဆောက်ဂိတ် အပေါ် အကြီးအကျယ် ဝေဖန်နေကြပါတယ် ။

ဧနာက်ကျချေပဂိုးရှင် ဘယ်လင်ဂမ်ကတော့ ဒီပွဲနဲ့ ပတ်သက်ပြီး ” ကျွန်တော်တော့ ပွဲပြီးခါနီးမှ ချေပဂိုး ပြန်ရခဲ့တာကို ကြိုက်ပါတယ် ။ ဘာလို့လဲဆိုတော့ ၂ပွဲဆက် ရှုံးခဲ့ရင် ကျွန်တော်တို့ဖက်က အဖဲ့ခံရနိုင်တဲ့ အနေအထားကို သိထားလို့ပါ ။ ဒီ၂ပွဲဟာ ကျွန်တော်တို့ကို လာမယ့် ယူရိုပြိုင်ပွဲမှာ ကောင်းကောင်းမွန်မွန် အခြေပြု ရပ်တည်နိုင်ဖို့ အထောက်အကူ ပေးခဲ့ပါတယ် ။ ”

” လူတွေကတော့ ဒီ၂ပွဲက ရလဒ်တွေနဲ့ ပတ်သက်ပြီး မကောင်းမြင်ကြမှာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် ဒီပွဲတွေက ရလဒ်တွေကို ခင်ဗျား အနေနဲ့ အရှိအတိုင်း လက်ခံနိုင်ဖို့ လိုပါတယ် ။ ခင်ဗျားဟာ ဒီရှုထောင့်မျိုး ဆက်ထိန်းထားရပါမယ် ။ ”

” ကျွန်တော်တို့မှာ ဒီ၂ပွဲအတွင်း လက်ရွေးစင် အသင်း အတွက် ပထမဆုံး အကြိမ် ပွဲထွက်ကစားကြတဲ့သူတွေ အများကြီး ရှိ်ခဲ့သလို ၊ တခါမှ တွဲမကစားဖူးတဲ့ အသင်းဖော်တွေနဲ့လည်း တွဲကစားခဲ့ရပါတယ် ။ ကျွန်တော်တို့ အခွင့်အရေး အမြောက်အမြား ဖန်တီးနိုင်ခဲ့ပါတယ် ။ ”

” ကျွန်တော်ဆိုလည်း အစောပိုင်းမှာကတည်းက ဂိုးသွင်းနိုင်ခဲ့သင့်တာပါ ။ အဆုံးမှာ အသင်းက လိုအပ်တဲ့အချိန် အသင့်ရှိပေးနိုင်ခဲ့လို့ ကျွန်တော် ပျော်ရွှင်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR