သီယာဂို ဆေးလ်ဗားရဲ့ ဒဏ်ရာ အကြောင်း အသိပေးရင်း ၊ ဗီလာနဲ့ ပွဲမှာ အထူး ခြေစွမ်းပြခဲ့တဲ့ ချဲလ်ဆီး စတား တဦး အပေါ် မှတ်ချက်ပြု ချီးကျူးသွားတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အက်စ်တွန် ဗီလာ အသင်းကို ပထမပိုင်း တပိုင်းလုံး ရှုံးနေခဲ့ပြီးနောက် ၊ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ၊ တဖက် ၂ဂိုးစီ သရေရလဒ် စွမ်းဆောင်နိုင်ခဲ့ကာ ၊ အနိုင်ရလုနီးနီး ဖြစ်ခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး တိုက်စစ်နဲ့ ကွင်းလယ်မှ နွန်နီ မက်ဒူးကီ ၊ ကော်နာ ဂေါ်လဂါ ၊ မွိုက်ဆက်စ် ကိုင်စီဒိုနဲ့ နေရာ ပြောင်းဆော့တဲ့ မာ့ခ်ကူကူရယ်လာတို့ရဲ့ ဒုတိယပိုင်း ခြေစွမ်းက အတော်လေး အားရစရာကောင်းခဲ့ပါတယ် ။ ကိုင်စီဒိုဆိုရင် TNT Sport မှ ပေးတဲ့ Man of the Match ဆုကို ရရှိခဲ့တဲ့ အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက ကိုင်စီဒိုရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ” ခြေစွမ်းပြခဲ့တာ မွိုင်တယောက်တည်း မဟုတ်ပါဘူး ။ ဒီနေ့ တသင်းလုံးကိုက အရမ်းကောင်းခဲ့တာပါ ။ တသင်းလုံးရဲ့ စွမ်းဆောင်ရည်က ကောင်းခဲ့ပါတယ် ။ ဒါပေမယ့် မွိုင်လည်း အရမ်းတော်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားကတော့ ပွဲပြီးခါနီး ဒဏ်ရာ ရခဲ့လို့ ပြင်သစ် ခံစစ်မှူး အိတ်ဆဲလ် ဒီဆာဆီနဲ့ လူစားလဲခံခဲ့ရပါတယ် ။ ယင်းဘရာဇီးရဲ့ ဒဏ်ရာ အနေအထားနဲ့ ပတ်သက်ပြီးလည်း ပိုချက်တီနိုက အခုလိုပဲ ဖြေကြားခဲ့ပါတယ် ။

ပိုချက်တီနို က ” မနက်ဖြန် သူ့ဒဏ်ရာကို ကျွန်တော်တို့ စစ်ဆေးဖို့ လိုပါတယ် ။ ဒါက သူ့ရဲ့ ပေါင်တွင်းကြော နေရာက နာကျင်မှု ဖြစ်ပါတယ် ။ ဒါဟာ ပဲလေ့စ်နဲ့ ပွဲမှာတုန်းက ရခဲ့တဲ့ ဒဏ်ရာနဲ့ တနေရာတည်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အဆုံးမှာတော့ ပိုချက်တီနို က ပွဲအတွင်းက အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် ” ပွဲစစချင်းမှာပဲ ကျွန်တော်တို့ ဂိုးစပေးခဲ့ရတာက ပွဲကို စီမံခန့်ခွဲဖို့ ခက်ခဲစေခဲ့ပါတယ် ။ ကွဲပြားခြားနားသွားက ကျွန်တော်တို့ရဲ့ ကစားပုံ ပိုကောင်းခဲ့တယ် မဟုတ်လား ? အာဆင်နယ်နဲ့ ပွဲတုန်းကထက် ကျွန်တော်တို့ ကစားတာ ပိုကောင်းခဲ့ပါတယ် ။ ”

” မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်က အရှိန်က အခုအထိ ကျွန်တော်တို့ အပေါ် ရိုက်ခတ်မှု ရှိနေဆဲပါ ။ ကျွန်တော်တို့ ဒီအတွက် အရမ်း စိတ်ပျက်နေခဲ့ကြပါတယ် ။ အဲဒီ အနေအထားကနေ အနည်းငယ် နာလန်ပြန်ထူဖို့ ကျွန်တော်တို့ ရုန်းကန်ခဲ့ကြရပါတယ် ။ ”

” နောက်တော့ အာဆင်နယ်လို ပုံစံကောင်း ရနေတဲ့ အသင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။ ဒီတော့ သူတို့ရဲ့ အပြစ်ပေးခြင်းကို ကျွန်တော်တို့ အကြီးအကျယ် ခံခဲ့ရပါတယ် ။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းနဲ့ ပင်ကိုဟန်ကို ပြသနိုင်ခဲ့ကြပါတယ် ။ ”

” ပွဲကို သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပါတယ် ။ အနိုင်ရဖို့လည်း ထိုက်တန်ခဲ့တယ်လို့ ကျွန်တော် ပြောရပါမယ် ။ ဒါပေမယ့် ရပ်တည်မှု အဆင့် အရမ်းကောင်းနေတဲ့ ၊ အံ့သြဖွယ် ဘောလုံးရာသီ တခု ဖြတ်သန်းနေတဲ့ ပြိုင်ဖက်ကို ကျွန်တော်တို့ ကောင်းကောင်းကြီး ယှဉ်ကစားနိုင်ခဲ့တာက ကျွန်တော့ကို အရမ်း ပျော်ရွှင်ကျေနပ်စေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR