ကိုပါဒယ်ရေး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ပြီးနောက် ကတိတစ်ခု ပေးလာခဲ့တဲ့ ဇာဗီ

 

ဘာစီလိုနာ အသင်း နည်းပြ ဇာဗီ က ဒီကနေ့ မနက် ကိုပါဒယ်ရေး ကွာတားဖိုင်နယ်မှာ ဘီလ်ဘာအို အသင်းကို လေးဂိုး နှစ်ဂိုး နဲ့ အရေးနိမ့် ခဲ့ရပြီးနောက် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောကြား လာခဲ့ပါတယ် ။

ဘာစီလိုနာ အသင်းဟာ ပွဲစစချင်းမှာပဲ ဘီလ်ဘာအို အသင်းဘက်ကို ဦးဆောင်ဂိုး ခွင့်ပြု ခဲ့ရတာ ဖြစ်ပေမယ့် ပထမပိုင်း အတွင်းမှာပဲ လီဝန်ဒေါစကီးနှင့် ယာမဲလ်တို့က ချေပဂိုး နှင့် အနိုင်ဂိုးတွေ ပြန်လည် သွင်းယူ ပေးခဲ့ပါတယ်။ ဒုတိယပိုင်း စပြီး သိပ်မကြာခင်မှာတော့ ဘီလ်ဘာအို အသင်းဘက်က ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့ပြီး မိနစ် ၉၀ ပြည့်တဲ့ အထိ ဂိုးတွေ ထပ်မသွင်းကြတာကြောင့် နာကျင် အချိန်ပို ဆက်လက် ယှဉ်ပြိုင် ခဲ့ရပါတယ်။

အချိန်ပိုမှာတော့ ဝီလီယံ ညီနောင်က ဘီလ်ဘာအို အတွက် ဂိုးတွေ ထပ်မံ သွင်းယူ ခဲ့တာကြောင့် ဘာစီလိုနာ တို့ ပြိုင်ပွဲကနေ ထွက်ခွာ သွားခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ဘာစီလိုနာ နည်းပြ ဇာဗီ ဟာ အသင်းရဲ့ ရည်မှန်းချက်ကို ပြည့်မှီအောင် မလုပ်နိုင်ပါက ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမှာ ဖြစ်ကြောင်း အတည်ပြု သွားခဲ့ပါတယ် ။

” ကျနော် ဒီစကားပဲ ထပ်ပြောပါမယ် ၊ ရာသီကုန်မှာ ကျနော် တို့ ရှိနေရမယ့် အနေအထား ဆုဖလား အောင်မြင်မှုတွေ မရဘူး ဆိုရင် ကျနော် အသင်းကနေ နှုတ်ထွက် ပေးပါ့မယ်။ ဘာစီလိုနာ အသင်းက အရေးကြီးတဲ့ တည်ဆောက်ဆဲ ကာလမှာ ရှိနေတာပါ ၊ မျိုးဆက်သစ် ကစားသမားတွေ နဲ့ အတူ ဘာစီလိုနာမှာ အနာဂတ် ရှိပါတယ် ။ ”

” ရလဒ် ကြောင့် စိတ်ပျက်ပေမယ့် တစ်ဖက်မှာလည်း လူငယ် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကြောင့် ဂုဏ်ယူ ရပါတယ်။ ကျနော်တို့ အနေနဲ့ အိမ်ကွင်းမှာဆို တကယ်ကောင်းတဲ့ အသင်းကောင်းတစ်သင်းကို အကောင်းဆုံး ရင်ဆိုင် ကစားနိုင်ခဲ့ပါတယ်၊ ကွာတားဖိုင်နယ် မဲခွဲရလဒ် က ကျနော်တို့ အတွက် မချောင်ဘူးလို့ ပြောခဲ့ပါတယ် ။ ”

” သူတို့က အရမ်းကို ကစားရ ခက်ခဲပြီး မာကျောလွန်းပါတယ် ။ ကျနော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကို ပြန် လည် တည်ဆောက်ပြီး လာလီဂါ မှာ ချန်ပီယံ ဖြစ်အောင် ယှဉ်ပြိုင် ကစားရပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM