ပရိသတ် ကြိုက်ပေမယ့် ပွဲထွက်ခွင့် သိပ်မရတဲ့ ဂန်းနား ကြယ်ပွင့် ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ပြောကြားလာတဲ့ အာတီတာ

 

အာဆင်နယ် အသင်း ရဲ့ နည်းပြ အာတီတာ ကတော့ လူငယ် ကြယ်ပွင့် စမစ်ရို ကို ဒုတိယ ရာသီဝက်မှာ ပွဲကစားခွင့် များများစားစား ပေးဖို့ စီစဉ် ထားကြောင်း ခရစ္စတယ် ပဲလေစ့် အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဖွင့်ဟ ပြောကြား လာခဲ့ပါတယ်။

အင်္ဂလန် ကြယ်ပွင့် စမစ်ရိုးလ် ဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ အာဆင်နယ် အသင်း ရဲ့ အဓိက ကစားသမား ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာတွေနဲ့ ဆက်တိုက် ရုန်းကန် ခဲ့ရပါတယ် ။ အဲ့ဒီနောက် အာဆင်နယ် နည်းပြ အာတီတာ ဟာာ ဗီအဲရာ ၊ ဟားဗတ်ဇ် တို့ကို အားဖြည့် ခေါ်ယူခဲ့တာကြောင့် စမစ်ရိုးလ် တစ်ယောက် ပွဲထွက်ခွင့် ရဖို့ ပိုမို ခက်ခဲ သွားခဲ့ပါတယ်။

စမစ်ရိုးလ် ဟာ လက်ရှိ အချိန်မှာ ကြံ့ခိုင်မှု ပြည့်ဝနေပြီ ဖြစ်ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် မှာ ၁ ပွဲသာ ပွဲထွက် ကစားခွင့် ရထားပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် ထားနိုင်ပါတယ် ။ စမစ်ရိုးလ် တစ်ယောက် ၂၀၂၂ ခုနှစ် ၊ ဧပြီလနှောင်းပိုင်းကတည်းက အာဆင်နယ် အတွက် ဂိုးမသွင်း နိုင်တော့တာ ဖြစ်ပါတယ်။

ပွဲထွက်ခွင့် မရပေမယ့် အာဆင်နယ် အသင်း ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်နေဆဲ ဖြစ်တဲ့ စမစ်ရိုးလ် ကို ဝက်စ်ဟမ်း အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကစားသမားကိုယ်တိုင်က အသင်းမှာပဲ ဆက်နေပြီး ပွဲထွက်ခွင့် အတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ ဆန္ဒ ရှိနေတယ်လို့ သိရပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ပဲလေစ့် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ စမစ်ရိုးလ် ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး “ကျနော်ကိုယ်တိုင်လည်း အမ်မလီ အပေါ် အားရ ကျေနပ်မှု ရှိပါတယ် ၊ သူ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေသလို လေ့ကျင့်ရေးကွင်းမှာလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသ ထားနိုင်ပါတယ်။ ”

” အမ်မလီ က အမ်မလီပါပဲ ၊ ဘာမှ မပြောင်းလဲ သွားပါဘူး ၊ သူ့မှာ မယုံကြည်နိုင်လောက်စရာ အရည်အသွေးကောင်းတွေ ရှိပါတယ်၊ ကျနော်တို့ အနေနဲ့ သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ခွင့် ရတဲ့ အတွက် ပျော်ရွှင်မိပါတယ်။ အခုအချိန်မှာ သူ လိုအပ်နေတာက သူ့မှာ ရှိတဲ့ အရည်အသွေး အားလုံးကို ကွင်းထဲမှာ ထုတ်ပြ နိုင်ဖို့ပါပဲ ၊ သူ ထုတ်ပြခွင့် ရဖို့ ဆိုရင် ကျနော်တို့ သူ့ကို ပွဲကစားခွင့် မိနစ် ပေးဖို့ လိုအပ်ပါတယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM