နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညတုန်းက ကစားခဲ့တဲ့ အာဖရိကဖလား ပွဲစဉ်တွေမှာတော့ ဆီနီဂေါ အသင်းက ကင်မရွန်း အသင်းကို ၃-၁ နဲ့ အနိုင် ရရှိသွားခဲ့ပြီး ရှုံးထွက် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ ပါတယ် ။ အခြားပွဲစဉ်တွေမှာတော့ ဂွီနီယာ အသင်းက ဂမ်ဘီယာ အသင်းကို ၁-၀ ၊ ကိပ်ဗာဒီ အသင်းက မိုဇမ်ဘိ အသင်းကို ၃-၀ နဲ့ အနိုင် ရရှိခဲ့ကြပါတယ် ။ ကိပ် ဗာဒီ ကတော့ နောက်တဆင့်ကို တက်လှမ်းသွားခဲ့ပါပြီ ။

အီတလီ စူပါဖလားမှာတော့ အင်တာမီလန် က လာဇီယို အသင်းကို ၃-၀ နဲ့ အနိုင် ရရှိပြီး ဗိုလ်လုပွဲကို တက်လှမ်း နိုင်ခဲ့ပါတယ် ။ အင်တာမီလန် ဟာ ဗိုလ်လုပွဲမှာ နာပိုလီ အသင်းနဲ့ ရင်ဆိုင် ကစားရမှာပါ ။

ကာတာ ဘီလီယံနာ ရှိတ် ဂျာဆင်း ဟာ သူ့ရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး မမှန်မကန် ဖော်ပြခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဥပဒေ အကြောင်းအရ ရင်ဆိုင်ဖို့ ရှိနေတယ်လို့လည်း သတင်း ထွက်ပေါ်လာခဲ့ပါတယ် ။

ချဲလ်ဆီး နဲ့ အင်္ဂလန် ကွင်းလယ်လူဟောင်း ဂျိုကိုးလ် ကတော့ ရိုးမား ကနေ အထုတ်ပယ် ခံလာခဲ့ရတဲ့ ဆရာဟောင်း မော်ရင်ညို ဟာ ပရီးမီးယားလိဂ် ကို လာရောက် နည်းပြဖို့ လုံလောက်နေသေးတယ်လို့ ပြောဆို ထောက်ခံသွားခဲ့ပါတယ် ။

အဲဗာတန် အသင်းကတော့ ကွင်းလယ်လူ အာမာဒူ အိုနာနာ ကို လာမယ့် နွေရာသီမှာ ဆက်လက် ထိန်းထား နိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ် ။

လီဗာပူး တောင်ပံ ကစားသမား မိုဟာမက် ဆာလာ ဟာ တံကောက်ကြော ကြွက်သား ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်တယ်လို့ အီဂျစ် အသင်းဘက်က အတည်ပြု ပေးခဲ့ပြီး အုပ်စု နောက်ဆုံးပွဲစဉ် နဲ့ ၁၆ သင်းဆင့် ပွဲစဉ် ( နောက်တဆင့် တက်ခဲ့ပါက ) တို့ကို လွဲချော်မယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ် ။

စပိန် ကလပ် ဂရန်နာဒါ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် လူငယ် တောင်ပံ ကစားသမားလေး ပယ်လီစထရီ ကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်မှု ရှိနေပြီလို့ သိရပါတယ် ။

မနေ့က ဒူဘိုင်းမှာ ပြုလုပ် ကျင်းပသွားခဲ့တဲ့ Global Soccer Award ဆုပေးပွဲမှာတော့ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း က တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူး ရရှိခဲ့သလို ပက် ဂွာဒီယိုလာ က နည်းပြဆု ၊ အီဒါဆင် က ဂိုးသမားဆု ၊ ရိုဒရီ က ကွင်းလယ်ဆု ၊ မန်စီးတီး က တနှစ်တာ အကောင်းဆုံး အသင်းဆုတွေကို ရရှိခဲ့ကြပါတယ် ။ အမျိုးသမီး တနှစ်တာအကောင်းဆုံးဆု ကိုတော့ စပိန် နဲ့ ဘာဆာ ကစားသမား ဘွန်မာတီ က ဆွတ်ခူး ခဲ့ပြီး အကောင်းဆုံး အသင်းဆုကိုတော့ ဘာဆာ အမျိုးသမီးအသင်းက ဆွတ်ခူး ရရှိသွားခဲ့ပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ကတော့ မာရာဒိုနာဆုလို့ ခေါ်တဲ့ ပြက္ခဒိန် ၁ နှစ်အတွင်း ဂိုးအများဆုံးသွင်းတဲ့ဆု ၊ ပရိသတ်တွေ အကြိုက်နှစ်သက်ဆုံး ကစားသမားဆု ၊ အရှေ့အလယ်ပိုင်း အကောင်းဆုံး ကစားသမားဆုတွေကို ဆွတ်ခူး ရရှိသွားခဲ့ပါတယ် ။

SPORTS MYANMAR