မက်ဒရစ်ဒါဘီ ရှုံးပွဲအပြီး ရုန်းကန်ခဲ့ရတဲ့ ရီးရဲလ်စတား ၂ဦးဖက်မှ ကာကွယ်ပြောဆိုသွားတဲ့ အန်ဆယ်လော့တီ

 

ရီးရဲလ်မက်ဒရစ် အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ စပိန်ဘုရင့်ဖလား ၁၆သင်း ရှုံးထွက်အဆင့်မှာ မြို့ခံပြိုင်ဖက် အက်သလက်တီကို အသင်းကို အဝေးကွင်းမှာ အချိန်ပို ၂ပိုင်း အထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရကာ ၊ ၄ – ၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ် ။

ဒါဟာ ရီးရဲလ်မက်ဒရစ် အတွက် ၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံး ရှုံးပွဲ ဖြစ်သလို ၊ လက်ရှိ ချန်ပီယံဘွဲ့ ကာကွယ်ခွင့်ပါ ဆုံးရှုံးလိုက်ရပါတယ် ။ အိမ်ရှင် အက်သလက်တီကိုဟာ သာမန် မိနစ် ၉၀ အတွင်း ပွဲကို ၂ကြိမ်တိုင်တိ်ုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ၊ Los Blancos တို့ဟာ ပထမပိုင်းနဲ့ ဒုတိယပိုင်း ပြီးခါနီးတွေမှာ ချေပဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ် ။

သို့ပေမယ့် အိမ်ရှင်ဖက်က အချိန်ပိုမှာ အန်တွိုင် ဂရဇ်မန်းရဲ့ လှပတဲ့ တကိုယ်တော် သွင်းဂိုးနဲ့ လူငယ် တောင်ပံကစားသမား ရိုဒရီဂို ရီကွယ်လ်မီတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ အနိုင်ရကာ ၊ လွန်ခဲ့တဲ့ တပတ်က စပိန်စူပါဖလားမှ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီကတော့ ၄င်းတို့ ကစားပုံကောင်းခဲ့သလို ၊ ၂ကြိမ်တိုင်တိုင် အနောက်ကနေ ပြန်လာနိုင်ခဲ့ပေမယ့် ၊ အချိန်ပိုမှ ဗင်နီးဆီးယပ်စ် ဂျူနီယာရဲ့ အမှားတခုကြောင့် ဘုရင့်ဖလားက ထွက်ခွာဖို့ အကြောင်းဖန်စေခဲ့ကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

အန်ဆယ်လော့တီ က ” ကျွန်တော်တို့ရဲ့ ကစားပုံ ကောင်းခဲ့ပါတယ် ။ ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့ပါတယ် ။ အရှုံးအနေအထားကနေ ၂ကြိမ်တိုင်တိုင် ပြန်လာနိုင်ခဲ့ပါတယ် ။ ပွဲကို ထိန်းချုပ်နိုင်တဲ့အချိန် ဘောလုံး တလုံး ဆုံးရှုံးမှုက ဒီ၂သင်းကို ရလဒ်ပိုင်း အဆုံးအဖြတ်ပေးသွားခဲ့ပါတယ် ။ ”

” ဒီလိုပုံစံနဲ့ ပြိုင်ပွဲကနေ ထွက်သွားရတာက မျှတမှု ရှိသလား ဆိုတာ ကျွန်တော် မသိပါဘူး ။ အက်သလက်တီကိုဟာ ဘောလုံးတိုင်းအတွက် တိုက်ပွဲဝင်ခဲ့ပါတယ် ။ ကျွန်တော်တို့ကလည်း အရာရာ ပေးဆပ်ခဲ့ပါတယ် ။ ကျွန်တော့မှာ အသင်းအပေါ် ဘာမှ ဝေဖန်စရာ မရှိပါဘူး ။ ဒါက ဒါဘီပွဲ ဖြစ်ပြီး ၊ ဒါဘီပွဲအားလုံးလိုပဲ အကြိတ်အနယ် ရှိခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ အယ်ကလက်စီကို စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းပြီး အထူး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဗင်နီးဆီးယပ်စ်ဟာ ဒီပွဲမှာတော့ ဒုတိယချေပဂိုး အတွက် တည်ပေးနိုင်ခဲ့တာက လွဲရင် ၊ သာမန် ခြေစွမ်းအဆင့်မှာသာ ရှိခဲ့ပါတယ် ။ အန်ဆယ်လော့တီကတော့ ယင်းဘရာဇီးသားဖက်မှ အခုလိုပဲ ကာကွယ်ပေးခဲ့ပါတယ် ။

အန်ဆယ်လော့တီက ” ဗင်နီးဆီးယပ်စ်ဟာ ဒီပွဲမှာ ပိုပြီး ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ် ။ ဒါကလွဲရင် ပွဲက ပုံမှန်အတိုင်းပါပဲ ။ သူဟာ ခြေစွမ်းကောင်း အဆင့်အတန်း တခုမှာ ရှိနေဆဲပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဒါ့အပြင် အန်ဆယ်လော့တီဟာ အက်သလက်တီကိုရဲ့ ဒုတိယသွင်းဂိုးမှာ အမှား ကျူးလွန်ခဲ့တဲ့ ဂိုးသမား လူနင်ကို ဝေဖန်ဖို့ ငြင်းဆန်ခဲ့ပါတယ် ။

အန်ဆယ်လော့တီ က ” ဒီမှာ ကစားသမား တဦးချင်းစီရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ကျွန်တော် မသုံးသပ်ချင်ပါဘူး ။ ပွဲက သရေ ဖြစ်နေတဲ့အချိန် ကျွန်တော်တို့ ပိုကောင်းအောင် စွမ်းဆောင်ခဲ့သင့်ပါတယ် ။ ပွဲကို ထိန်းချုပ်ထားနိုင်တဲ့အချိန် ကျွန်တော်တို့ အနေနဲ့ တိုက်စစ်ကို အလွန်အကျွံ တင်ကစားဖို့ မလိုခဲ့ပါဘူး ။ ”

Soccer Football – Copa del Rey – Round of 16 – Atletico Madrid v Real Madrid – Metropolitano, Madrid, Spain – January 18, 2024 Atletico Madrid’s Alvaro Morata scores their second goal REUTERS/Susana Vera

” ဒါပေမယ့် ကျွန်တော်တို့ တိုက်စစ်မြှင့်ကစားခဲ့ပြီး ၊ ဒါက ငယ်ရွယ်ခြင်းရဲ့ အပြစ်တခုပါပဲ ။ ပွဲက ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေရင် တခါတလေ ဒီလောက်ထိ အားစိုက်ထုတ်ဖို့ မလိုပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR