ပေါင်သန်း ၁၀၀ တန်ကြေး သတ်မှတ်ခံထားရတဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့်နဲ့ ပတ်သက်ကာ အာဆင်နယ် ၊ ချဲလ်ဆီးတို့ထံ သတိပေးသွားတဲ့ ဂါးလက်စ်

လန်ဒန် အင်အားကြီး ကလပ် ၂သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ဟာ လက်ရှိ ဆောင်းရာသီ စျေးကွက် အတွင်း ရှိရင်းစွဲ တိုက်စစ်မှူးတွေနဲ့ profile မတူတဲ့ တိုက်စစ်မှူးသစ် တဦး ထပ်ခေါ်ဖို့ ကြိုးစားလျက်ရှိပါတယ် ။

အာဆင်နယ်ရဲ့ အထောင်တိုက်စစ်မှာ ဂါဘရီရယ် ဂျေဆုစ်နဲ့ အက်ဒီ အန်ကတ်တီးယားတို့ ရှိနေပေမယ့် ၊ ၄င်းတို့ဟာ ကစားပေါက်ချင်း တူတဲ့ တိုက်စစ်မှူးတွေ ဖြစ်ကြလို့ ၊ ဂန်းနား နည်းပြ မီခေးလ် အာတီတာဟာ ကြံ့ခိုင်မှု အသားပေး တိုက်စစ်မှူး တယောက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ တွေ့ရပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ ပွဲထွက်တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ကို အာဖရိကဖလား ပြိုင်ပွဲသို့ လက်လွှတ်ထားရသလို ၊ အရန်တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာကလည်း ပုံမှန် ဂိုးသွင်းပေးနိုင်ခြင်း မရှိတာကြောင့် ၊ လက်ကျန် ရာသီဝက် အတွင်း ၁၀ဂိုး ၊ ၁၅ဂိုးခန့် သွင်းပေးမယ့် တိုက်စစ်မှူးမျိုး ရှာဖွေလျက် ရှိပါတယ် ။

လောလောဆယ်မှာ ဒီ၂သင်းလုံးဟာ လောင်းကစားကြောင့် ရာသီဝက် ဘောလုံးကစားခွင့် အပိတ်ခံထားရတဲ့ ဘရန်းဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြပါတယ် ။ သို့ပေမယ့် ယင်းအနောက်လန်ဒန်ကလပ်ဟာ တိုနေး အတွက် ပေါင်သန်း ၁၀၀ အထိ ပေးချေဖို့ တုန့်ပြန်ထားပါတယ် ။

ချဲလ်ဆီးနဲ့ အာဆင်နယ် နောက်ခံလူဟောင်း ဝီလီယမ် ဂါးလက်စ်ကတော့ အသက် ၂၇နှစ် ရှိပြီဖြစ်တဲ့ တိုနေးကို ပေါင်သန်း ၁၀၀ သုံးပြီး ခေါ်ခဲ့ရင် ၊ ၄င်းရဲ့ အသင်းဟောင်းတွေဟာ ပေါလွန်းတဲ့ ကလပ်တွေ ဖြစ်သွားမယ့် အကြောင်း သတိပေးလာပါတယ် ။

Gambling Zone ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံရာမှာ ဂါးလက်စ် က ” အာဆင်နယ်နဲ့ ချဲလ်ဆီးက သူ့အတွက် ဘယ်လောက် ပေးမှာလဲ ? တချို့ကလပ်တွေက ပေါလွန်းကြပါတယ် ။ ဘောလုံးလောကမှာ ငွေကြေးဖောင်းပွမှု အရမ်းကြီးမားလွန်းနေပြီ ဆိုတာ သူတို့ သဘောမပေါက်ကြပါဘူး ။ ”

” ဒီတော့ သူတို့ဟာ တိုနေး အတွက် ပေါင်သန်း ၁၀၀ ပေးကြပါလိမ့်မယ် ။ ပေါင်သန်း ၁၀၀ တန်ကြေး ရှိပြီဆိုရင် အဲဒီ ကစားသမားက နိုင်ငံလက်ရွေးစင် အဆင့်တော့ ဖြစ်ရပါမယ် ။ သူဟာ အင်္ဂလန် အတွက်တောင် ကစားရခဲပါတယ် ။ ”

” ဒီတော့ သူက ပေါင်သန်း ၁၀၀ တန်တဲ့ ကစားသမား ဆိုတာ ခင်ဗျား ကျွန်တော့ကို ဘယ်လို ရှင်းပြနိုင်မှာလဲ ? ပေါင်သန်း ၁၀၀ ပေးဝယ်ရပြီဆိုရင် သူဟာ လူငယ် ကစားသမား တယောက် ဖြစ်ရပါမယ် ။ အသက် ၂၇နှစ် အရွယ် ကစားသမား တယောက် အတွက် ပေါင်သန်း ၁၀၀ သုံးရတယ် ဆိုတာ များလွန်းပါတယ် ။ ”

” ခင်ဗျားဟာ အဲဒီ ပေါင်သန်း ၁၀၀ကို နိုင်ငံလက်ရွေးစင် အဆင့်ရှိ ကစားသမား တယောက် အတွက် သုံးချင်ရင်သုံး ၊ ဒီလိုမှမဟုတ်ရင် အသင်းအတွက် ရေရှည် အကျိုးပြုနိုင်မယ့် လူငယ် ကစားသမား တယောက် အပေါ်မှာပဲ ရင်းနှီးမြှုပ်နှံရပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR