ရိုးမားမှ အထုတ်ခံခဲ့ရပြီးနောက် မော်ရင်ညို ကိုင်တွယ်လိုမယ့် အသင်းသစ်ရဲ့ အမည်ကို ထုတ်ဖော်လာတဲ့ ဖရန့်လီဘို့ဖ်

 

ရိုးမား အသင်းဟာ တမြန့်နေကပဲ ပေါ်တူဂီ ဝါရင့် နည်းပြ ဂျိုဆေး မော်ရင်ညိုကို ရာထူးကနေ တရားဝင် ထုတ်ပယ်ကြောင်း ကြေညာခဲ့ပါတယ် ။ ရိုးမားဟာ ပြီးခဲ့တဲ့ အပတ်အတွင်း ရောမဒါဘီပြိုင်ဖက် လာဇီယိုကို ကိုပါအီတာလီယာမှာ ရှုံးနိမ့်ကာ ထွက်ခဲ့ရသလို ၊ စီးရီးအေမှာလည်း အေစီမီလန်ကိုပါ ထပ်ရှုံးခဲ့ပြီးနောက် မော်ရင်ညိုကို ထုတ်ပယ်ဖို့ အခုလို အလျင်စလို ဆုံးဖြတ်လိုက်တယ်လို့ ယူဆရပါတယ် ။

မော်ရင်ညိုဟာ ဒီရာသီအတွင်း ရိုးမား နည်းပြ ရာထူးနဲ့ ပတ်သက်ပြီး လှုပ်ခတ်မှု တချို့ ကြုံခဲ့ရပြီး ၊ ခုတကြိမ်မှာတော့ နောက်ကြောင်းပြန်မလှည့်နိုင်တော့တာကို တွေ့ရပါတယ် ။ ရိုးမားဟာ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရှိနေကာ ၊ ဥရောပ ဝင်ခွင့် တနေရာနဲ့ ၄မှတ် ကွာဟနေပါတယ် ။

ရိုးမား ပိုင်ရှင်တွေ ဖြစ်ကြတဲ့ ဒန်နဲ့ ရိုင်ယန် ဖရိုက်ဒ်ကင် က မော်ရင်ညိုကို ထုတ်ပယ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ” ရိုးမား တသင်းလုံးရဲ့ ကိုယ်စားအနေနဲ့ စရောက်လာကတည်းက ရိုးမား အတွက် ပေးဆပ်ခဲ့တဲ့ ၊ ကြိုးစားအားထုတ်ပေးခဲ့တဲ့ ဂျိုဆေးကို ကျွန်တော်တို့ ကျေးဇူးတင်လိုပါတယ် ။ ကျွန်တော်တို့ဟာ ရိုးမားက သူ့ရဲ့ ကာလအတွင်း အမှတ်တရတွေကို အမြဲတမ်း အောက်မေ့နေမှာပါ ။ ”

” ဒါပေမယ့် ကျွန်တော်တို့ဟာ ကလပ် အတွက် အကောင်းဆုံး ဖြစ်စေဖို့ အခုလို ရုတ်ချည်း အပြောင်းအလဲ တရပ် လုပ်လိုက်ရတယ်လို့ ယုံကြည်ထားပါတယ် ။ ဂျိုဆေးနဲ့ သူ့ရဲ့ နည်းပြ အဖွဲ့သားကို သူတို့ရဲ့ အနာဂတ် အကောင်းဆုံး ဖြစ်စေဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ် ။ ” လို့ Statement ရေးသားထုတ်ပြန်ခဲ့ပါတယ် ။

လက်ရှိမှာ မော်ရင်ညို ဘယ်အသင်းကို ထပ်မံ ကိုင်တွယ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဘွတ်ကီဒိုင်တွေရဲ့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ် ။ ဒီရာသီ အတွင်း မော်ရင်ညိုဟာ အနာဂတ် တချိန်ချိန်မှာ ဆော်ဒီပရိုလိဂ် ကလပ် တသင်းကို ကိုင်တွယ်လိုတယ်လို့ ထုတ်ဖော်ဝန်ခံခဲ့ဖူးပြီး ၊ ဒီအခြေအနေက ခုချိန်မှာ အကောင်အထည် ဖော်လို့ ရနေပြီ ဖြစ်ပါတယ် ။

တဖက်မှာ ဆော်ဒီဓနရှင်တွေ ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်ဟာလည်း နောက်ပိုင်း ရလဒ်တွေ ဆိုးလာနေတဲ့ နည်းပြ အက်ဒီဟောင်းရဲ့ နေရာမှာ အစားထိုးဖို့ စောင့်ကြည့်မှုတွေ လုပ်နေရာ ၊ မော်ရင်ညိုဟာ Magpies နည်းပြသစ် ဖြစ်လာဖို့ ဘွတ်ကီတွေရဲ့ တစ်ပေးခြင်းကို ခံနေရပါတယ် ။

လောလောဆယ်မှာ ရှိရင်းစွဲ နည်းပြတွေနဲ့ လမ်းခွဲဖို့ အစီအစဉ် မရှိသေးသည့်တိုင် ၊ မော်ရင်ညို ၂ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့ဖူးတဲ့ ချဲလ်ဆီးနဲ့ သူ့ရဲ့ နိုင်ငံ ဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းတို့ဟာ မော်ရင်ညို လက်ခံစဉ်းစားနိုင်သေးတဲ့ ရာထူးတွေ အဖြစ် ရပ်တည်နေပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ ရောဘတ်တို မာတီနက်ဇ်နဲ့ လက်တွဲထားတဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းဟာ မော်ရင်ညို ပစ်မှတ်ထားမယ့် နောက်ထပ် နည်းပြ ရာထူး ဖြစ်ကြောင်း ESPN ရုပ်သံဌာနနဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ခန့်မှန်းသွားပါတယ် ။

လီဘို့ဖ် က ” မစ္စတာ မော်ရင်ညိုကို ကျွန်တော် နောက်ဆုံး အင်တာဗျူးခဲ့တုန်းက သူဟာ မက်ဒရစ် ( သို့မဟုတ် ) ချဲလ်ဆီးမှာ ရှိခဲ့တာပါ ။ အဲဒီတုန်းက သူဟာ လော့စ်အိန်ဂျလိစ်ကို လာခဲ့တဲ့အချိန်မှာပါ ။ သူ အဲဒီတုန်းက ကျွန်တော့ကို နည်းပြ အဖြစ်နဲ့ နောက်ဆုံး ကိုင်တွယ်လိုတဲ့ အသင်းက ပေါ်တူဂီ လက်ရွေးစင် အသင်း ဖြစ်ကြောင်း ဝန်ခံခဲ့ဖူးပါတယ် ။ ”

” ဒါက သူ့ရဲ့ နောက်ထပ် ရည်မှန်းချက်ပန်းတိုင် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ လက်ရှိမှာ ရောဘတ်တို ရှိနေတာကြောင့် ပြောရခက်ပါတယ် ။ ဒါပေမယ့် သူသာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနိုင်တယ် ၊ လာမယ့် ယူရိုပြိုင်ပွဲ အခြေအနေ ဘယ်လိုဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်မယ်ဆိုရင် အဲဒီ ရာထူးကို သူ ရကောင်းရလာနိုင်ခြေ ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR