နောက်ဆုံးရ အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် လူငယ် ဘယ်နောက်ခံလူ အယ်လ်ဗာရို ဖာနန်ဒက်ဇ် ရဲ့ ဘင်ဖီကာ အသင်းဆီ အပြောင်းအရွှေ့ ကတော့ အလုံးစုံ ပြီးမြောက်သွားခဲ့ပြီလို့ သိရပါတယ် ။ ဖာနန်ဒက်ဇ် ဟာ လက်ရှိ အငှား ကစားနေတဲ့ ဂရန်နာဒါ အသင်းကနေ ဘင်ဖီကာ အသင်းထံ ဆက်လက် အငှားသွားရောက် ကစားရမှာပါ ။ ရာသီ အကုန်မှာ ဘင်ဖီကာ အသင်းက ဖာနန်ဒက်ဇ် ကို အပြီးသတ် ဝယ်ယူနိုင်ခွင့် ရရှိထားပါတယ် ။

 

နယ်သာလန် ကလပ် အိုင်ယက်စ် အသင်းကတော့ ဆော်ဒီလိဂ် အယ်လ် အစ်တီဖတ် မှာ ကစားနေတဲ့ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ဂျော်ဒန် ဟန်ဒါဆင် ကို ခေါ်ယူနိုင်ဖို့ အတွက် အရှိန်မြှင့် လုပ်ဆောင် နေပြီလို့ ကြားသိရပါတယ် ။

 

အင်တာမီလန် အသင်းကတော့ ပေါ်တို ကနေ ရာသီအကုန်မှာ စာချုပ်ပြည့်လို့ ထွက်ခွာလာမယ့် အီရန် တိုက်စစ်မှူး တာရီမီ ကို အလွတ်နဲ့ ခေါ်ယူဖို့ အတွက် ညှိနှီုင်း ဆွေးနွေးနေတယ်လို့ သိရပါတယ် ။

 

ဘောလုံးသမားအဖြစ် ကနေ အနားယူပြီး ဖြစ်တဲ့ အီတလီ ခံစစ်မှူးဟောင်းကြီး ချီယာလီနီ ဟာ မေဂျာလိဂ် ကလပ် LAFC အသင်းမှာ တိုးတက်ရေး နည်းပြအဖြစ် တာဝန်ယူ လုပ်ဆောင်သွားမယ်လို့ သိရပါတယ် ။

 

စပါး အသင်းဆီကို မန်ယူနိုက်တက် ကနေ ပြန်ရောက်လာတဲ့ စပိန် နောက်ခံလူ ရီဂွီလွန် ဟာလည်း ဘရန့်ဖိုဒ့် အသင်းဆီကို ၆ လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ တော့မယ်လို့ သိရှိရပါတယ် ။

 

ဘိုင်ယန်မြုးနစ် ခံစစ်မှူး ဒီလစ် ကတော့ ဘယ်ဘက် ဒူးမှာ ဒဏ်ရာ ရရှိသွားခဲ့ပြီး ရက်သတ္တပတ် ဘယ်လောက် ကြာအောင် အနားယူရမလဲဆိုတာ စစ်ဆေးသွားမယ်လို့ သိရှိရပါတယ် ။

 

ခရစ္စတယ် ပဲလေ့စ် နည်းပြကြီး ရွိုင်းဟော့ဆန် ဟာ မန်စီးတီး ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ် ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သတင်းထွက်ပေါ်လာခဲ့ပါတယ် ။

 

ရီးရဲမက်ဒရစ် အသင်းဟာ ဘိုင်ယန် နောက်ခံလူ အယ်လ်ဖွန်ဆို ဒါးဗိစ် ကို နွေရာသီမှာ ခေါ်ယူနိုင်ခဲ့ပါက လက်ရှိ အသင်းရဲ့ ဘယ်နောက်ခံလူတွေထဲက တယောက်ကို ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရှိရပါတယ် ။

 

နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟမ်း ကတော့ သူဟာ ပရီးမီးယားလိဂ်ကို တနေ့မှာ လာရောက် ကစားဖို့ ဆန္ဒ ရှိပါတယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ် ။

 

မနေ့က ကစားခဲ့တဲ့ အာဖရိက ဖလား ပွဲစဉ်တွေမှာတော့ အယ်လ်ဂျီးရီးယား နဲ့ အန်ဂိုလာတို့ ၁ ဂိုးစီ သရေကျခဲ့ပြီး ဘူကီယာနာ ဖာဆို အသင်းက မော်ရီတာနီးယား အသင်းကို ၁-၀ နဲ့ အနိုင် ရရှိခဲ့ပါတယ် ။ နမီးဘီးယား အသင်း ကလည်း တူနီးရှား ကို ၁-၀ နဲ့ နိုင်ခဲ့သလို မာလီ အသင်းက တောင်အာဖရိက အသင်းကို ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ် ။

 

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ အာရှဖလား ပြိုင်ပွဲမှာတော့ ထိုင်းအသင်းက ကာဂျစ်စတန် အသင်းကို ၂-၀ နဲ့ အနိုင် ကစားခဲ့ပြီး မလေးရှား ကတော့ ဂျော်ဒန် အသင်းကို ၄-၀ နဲ့ ဂိုးပြတ် ရှု့းနိမ့်သွားခဲ့ရပါတယ် ။

 

SPORTS MYANMAR