စပိန်စူပါဖလားဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ၂နှစ်ဆက် ထိပ်တိုက်တွေ့ဆုံခြင်း အပေါ် မှတ်ချက်ပေးရင်း ၊ ၄င်းတို့ကို ဘယ်လိုအနိုင်ယူဖို့ စဉ်းစားထားလဲ ဆိုတာ ဖွင့်ဟလာတဲ့ ဇာဗီ

ဘာစီလိုနာ အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ စပိန်စူပါဖလား အကြိုဗိုလ်လုပွဲမှာ အိုဆာဆူနာ အသင်းကို တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ၊ လူငယ် တောင်ပံကစားသမား ယာမဲလ်တို့ရဲ့ ဂိုးတွေနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ အနိုင်ရကာ ၊ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်ပါတယ် ။

ဖိုင်နယ်မှာ ဘာဆာတို့ဟာ မနေ့က အက်သလက်တီကိုကို အချိန်ပိုမှာ အနိုင်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ၂နှစ်ဆက် ရင်ဆိုင်ရဖို့ ရှိပါတယ် ။ မနှစ်က ဖိုင်နယ်မှာတော့ ဘာစီလိုနာတို့ ၃ – ၁ နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ဘာစီလိုနာ နည်းပြ ဇာဗီက ရီးရဲလ်မက်ဒရစ်နဲ့ ၂နှစ်ဆက် ဗိုလ်လုရမယ့် အပေါ် မှတ်ချက်ပေးရင်း ၊ Los Blancos တို့ကို မနှစ်ကအတိုင်း အနိုင်ယူဖို့ ဘယ်လို ပြင်ဆင်ကြိုးစားမလဲ ဆိုတာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ဇာဗီ က ” ဒါဟာ အဓိပ္ပာယ်ရှိတဲ့ ဗိုလ်လုပွဲ ဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ရီးရဲလ်မက်ဒရစ်က ဒီဖိုင်နယ်ကို တောင့်တောင့်တင်းတင်းနဲ့ တက်လာတာပါ ။ မနေ့က သူတို့ရဲ့ ကစားပုံကို ကျွန်တော် ကောင်းကောင်းကြီး မြင်ခဲ့ရပါတယ် ။ ၂သင်းလုံး အတွက် ဗိုလ်စွဲဖို့ ၅၀ရာခိုင်နှုန်းစီပါပဲ ။ ”

” မနှစ်ကလိုပဲ ကျွန်တော်တို့ ထပ်မံအနိုင်ယူပြဖို့ မျှော်လင့်ပါတယ် ။ ဒါဟာ ကျွန်တော် မန်နေဂျာ ဖြစ်လာတဲ့ ကာလတလျှောက် အကောင်းဆုံး ပွဲတပွဲပါပဲ ။ ရီးရဲလ်မက်ဒရစ်ဟာ မနှစ်ကထက် ပိုပြီး ခြေမှန်နေပါတယ် ။ ကျွန်တော်တို့ကတော့ အပြောင်းအလဲ အများကြီး လုပ်မှာ မဟုတ်ပါဘူး ။ ”

” ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူဖို့ ? ကျွန်တော်တို့ရဲ့ အတွေးအခေါ် ၊ ကစားပုံစတိုလ်နဲ့ တည်ဆောက်ပုံပါ ။ မနှစ်က ဖိုင်နယ်က ဥပမာကောင်း တခုပါပဲ ။ ကျွန်တော်တို့ဟာ အဲဒီပွဲမှာ ခြေစွမ်းပိုကောင်းခဲ့ပါတယ် ။ ဒီရာသီ လာလီဂါပွဲမှာလည်း မိနစ် ၆၀ အထိ ကျွန်တော်တို့ ပွဲကောင်းတပွဲ ကစားခဲ့ပါတယ် ။ ”

” ရီးရဲလ်မက်ဒရစ်ဆီက ဘောလုံးလုယူနိုင်ဖို့ လိုပါမယ် ။ ကျွန်တော်တို့ရဲ့ ဒီအန်အေကို အားလုံး မြင်တွေ့နိုင်ဖို့ လိုပါမယ် ။ ကျွန်တော်တို့ ဒီဖိုင်နယ် အတွက် လွန်လွန်ကြူးကြူး စိတ်လှုပ်ရှားနေကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဇာဗီ က အိုဆာဆူနာကို အနိုင်ရခဲ့ခြင်းနဲ့ ပတ်သက်ပြီး ” ဒီနေ့ပွဲဟာ ခက်ခဲခဲ့ပါတယ် ။ ပြိုင်ဖက် အသင်းဟာ ကျွန်တော်တို့ကို ကောင်းကောင်း ပိတ်ဆို့ပြခဲ့ပါတယ် ။ သူတို့ဟာ ခံစစ်အဆင့်အတန်းအရ အကောင်းဆုံး အသင်း တသင်း ဖြစ်ပါတယ် ။ ဒီနေ့ပွဲက သက်တောင့်သက်သာ ရှိမှာမဟုတ်ဘူး ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ် ။ အိုဆာဆူနာကို ကျွန်တော်တို့ ဂုဏ်ပြုရပါမယ် ။ ”

” ခြုံပြောရရင် ကျွန်တော်တို့ ပုံမှန်ပွဲအတိုင်း ကစားခဲ့တာပါ ။ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ၊ ပုံမှန်ထက်တောင် ပိုမို စီမံခန့်ခွဲနိုင်ခဲ့တယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် ရလဒ်ပိုင်းအရ ပွဲကို ဒီထက် ပိုပြီး စောစောစီးစီး အဆုံးသတ်နိုင်ခဲ့ပါတယ် ။ နောက်ထပ် ဖိုင်နယ် တပွဲ ဆင်နွှဲရမှာ ဖြစ်လို့ ကျွန်တော်တို့ ပျော်ရွှင်နေပါတယ် ။ ”

” ဒါက နောက်ထပ် အယ်ကလက်စီကို ပွဲတပွဲပါ ။ ခုတော့ ဒီဗိုလ်လုပွဲကို ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားရပါမယ် ။ ဒါပေမယ့် အခြေအနေက အေးဆေးပါပဲ ။ ကျွန်တော်တို့ ဗိုလ်လုပွဲ ကစားရဖို့ ထိုက်တန်ပါတယ် ။ ဒါက လာမယ့် တနင်္ဂနွေနေ့ပွဲ အတွက် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို မြှင့်တင်ပေးပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR