ဂန်းနားတို့ရဲ့ပစ်မှတ် တိုနေး နဲ့ ပတ်သက်ပြီး သူ စိုးရိမ်မိတဲ့ တစ်ခုတည်းသော အရာကို ဆက်ဂ်ညာ ဖွင့်ဟ

ဂန်းနား နောက်ခံလူဟောင်း ဆက်ဂ်ညာ က အိုင်ဗန် တိုနေး ဟာ အာဆင်နယ် အသင်းမှာ ကစားနိုင်စွမ်း ရှိသူလို့ အပြည့်အဝ ယုံကြည်ပေမယ့် ပွဲမကစားရတာ ကြာပြီ ဖြစ်တာကြောင့် လုံလောက်တဲ့ ကြံ့ခိုင်မှုမျိုး ရှိမနေမှာကိုတော့ စိုးရိမ် မိတယ်လို့ ဆိုလိုက်ပါတယ် ။

ပြီးခဲ့တဲ့လအတွင်း တိုက်စစ် က ဂိုးရဖို့ ရုန်းကန် ခဲ့ရတဲ့နောက် အာဆင်နယ် အသင်းဟာ တိုက်စစ်မှူးသစ် ခေါ်ယူဖွယ် ရှိနေပြီး တိုနေး ၊ အိုဆီမန်း ၊ ဗလာဟိုဗစ် တို့နဲ့ သတင်းတွေ ထွက်နေပါတယ် ။ ဘရန့်ဖိုဒ့် အသင်း ရဲ့ စတား တိုနေး ဟာ မနှစ်က ပျားတို့ အတွက် ၃၃ ပွဲ ကစား ဂိုး ၂၀ သွင်းယူ ခဲ့သူပါ ၊ ဒါပေမဲ့ တိုနေး ဟာ လောင်းကစား လုပ်မှုကြောင့် မေလ ကတည်းက ၈ လကြာ ပွဲပယ် ခံခဲ့ရပါတယ်။

ပွဲအကြာကြီး ပယ်ခံထားရပေမယ့် တိုနေး ရဲ့ဂိုးသွင်း စွမ်းရည်ကတော့ ကျဆင်း သွားခြင်း မရှိသေးဘဲ ဆောက်သမ်တန် ယူ၂၃ အသင်းနဲ့ ကစားခဲ့တဲ့ တံခါးပိတ်ပွဲမှာ ဘရန့်ဖိုဒ့် ဘီ အသင်း အတွက် ဟက်ထရစ် သွင်းယူ ပေးခဲ့ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ တိုက်စစ်မှုးတွေ ဖြစ်ကြတဲ့ ဂျေးဇု နှင့် အန်ကီးတီးယား တို့ဟာ ဒီရာသီမှာ နှစ်ဦးပေါင်း သွင်းဂိုး ၈ ဂိုးသာ သွင်းယူ ထားနိုင်သေးပြီး ဆက်ဂ်ညာ က ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ခေါ်တာက အာတီတာ ရဲ့ အာဆင်နယ် အသင်းကို ပိုမို အားကောင်း သွားစေလိမ့်မယ်လို့ The Daily Mirror ကို ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော်ကတော့ တိုနေး ကို ကြိုက်ပါတယ် ၊ သူက တကယ့်ကို အရည်အသွေးမြင့် ကစားသမားပါ ၊ ပွဲအကြာကြီး ပယ်ခံထားရာကနေ ပြန်ကစားရချိန်မှာ သူ ဘယ်လို ပုံစံ နဲ့ ပြန်လာမလဲက စိတ်ဝင်စားစရာပါပဲ ၊ ခြောက်လလောက် ပွဲမကစားခဲ့ရတော့ သူ ပရီးမီးယားလိဂ် ရဲ့ ကြံ့ခိုင်မှု အားပြုကစားဟန်ကို ဘယ်လို ကျော်ဖြတ်ပြမလဲ မေးစရာ ရှိပါတယ်။ ”

” သူ လေ့ကျင့်ခန်းတွေ မပြတ် လုပ်နေတာ ကျနော် သိပါတယ် ။ ဒါပေမဲ့ လေ့ကျင့်ခန်း လုပ်တာနှင့် ပွဲကစားတာက ကွဲပြားခြားနားပါတယ် ။ အာဆင်နယ် အသင်းသာ သူ့ကို ခေါ်မယ်ဆို အဲ့ဒီအရာက ကျွန်တော် အစိုးရိမ်ဆုံး အရာပါပဲ ၊ သူက အာဆင်နယ် မှာ ကစားနိုင်တဲ့ အရည်အသွေး သေချာပေါက် ရှိသူပါ ၊ သူက သန်မာတဲ့ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးပါ ၊ ဘောလုံးကို ကောင်းကောင်း ကိုင်ကစားနိင်ပြီး ဂိုးတွေလည်း သွင်းနိုင်ပါတယ်။ သူက အာဆင်နယ် အတွက် ကောင်းမွန်မယ့် တိုက်စစ်မှူး တစ်ဦး ဟုတ်ပါတယ် ။ ”

SM