မစ်ဒယ်ဘရော့ကို ရှုံးခဲ့အပြီး စိတ်ပျက်နေမယ့် ချဲလ်ဆီး စတား ၂ဦးရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုလာတဲ့ ဖရန့်လီဘို့ဖ်

ချဲလ်ဆီး အသင်းဟာ တမြန်နေ့က ကစားသွားတဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ အသင်းကို ၁ – ၀ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရပြီး ၊ ဗိုလ်လုပွဲ တက်နိုင်ဖို့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၂ဂိုးအသာနဲ့ အနိုင်ပြန်ယူဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး တိုက်စစ်ဟာ အပိုင်အခွင့်အရေး တချို့ ပိုင်ဆိုင်ခဲ့ပြီး ၊ ဂိုးဖန်တီးမှုများစွာ လုပ်နိုင်ခဲ့ပေမယ့် ၊ တိကျသေချာတဲ့ အဆုံးသတ်မျိုးတွေ မပြသနိုင်ခဲ့ပါဘူး ။ ဒါ့အပြင် ဘောလုံး ဆုံးရှုံးရတဲ့ အခိုက်အတန့်တွေမှာလည်း ချဲလ်ဆီး ခံစစ်က တည်ငြိမ်မှု မရှိသလို ၊ မစ်ဒယ်ဘရော့ရဲ့ အမြင့်ဘော ထိုးဖောက်ပုံတွေကို မဟန့်တားနိုင်ခဲ့တာ တွေ့ရပါတယ် ။

ပရိသတ်တွေကတော့ ဒီရလဒ် အပေါ် အတော်လေး ဒေါသထွက်ခဲ့ကြပြီး ၊ အဝေးကွင်း ပွဲကြည့် ပရိသတ်တွေဟာ ပွဲအပြီးမှာ ချဲလ်ဆီး အသင်းသားတွေ အပေါ် Boo လုပ်ခဲ့ကြသလို ၊ ဆိုရှယ်မီဒီယာတွေ အထက်မှာလည်း နည်းပြ ဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုကို ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ တကျော့ပြန် တက်လို့လာပါတယ် ။

ချဲလ်ဆီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားနဲ့ အခြားသော အသင်းသား တချို့ဟာ ဒေါသထွက်နေကြတဲ့ ပရိသတ်တွေနဲ့ ပွဲအပြီးမှာ ထိပ်တိုက်တွေ့ခဲ့ရပြီး ၊ ယင်းဘရာဇီးသားကတော့ ကိုယ်ပိုင် အင်စတာဂရမ်မှတဆင့် ရှုံးပွဲအတွက် တောင်းပန်စကား ဆိုခဲ့ပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့်လီဘို့ဖ်ကတော့ ပုံသေဖြစ်ပြီး ခန့်မှန်းရလွယ်နေတဲ့ သူ့အသင်းဟောင်းရဲ့ ပွဲချဉ်းကပ်ပုံ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့သလို ၊ သီယာဂို ဆေးလ်ဗားနဲ့ ဒီဆာဆီဟာ ပိုချက်တီနိုရဲ့ နည်းစနစ် ချမှတ်ပုံတွေ အပေါ် စိတ်ပျက်နေလိမ့်မယ်လို့ အခုလိုပဲ သုံးသပ်ပြောဆိုသွားပါတယ် ။

ESPN ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ လီဘို့ဖ် က ” ခင်ဗျားဟာ ဒီအခြေအနေ အပေါ် ကြိုးစားပြီး အကောင်းမြင်ပေးနိုင်ပေမယ့် ၊ ကျွန်တော်တို့ ဒါနဲ့ ပတ်သက်ပြီး ဘာမှပြောစရာ မရှိနေပါဘူး ။ ”

” ကျွန်တော်သာ သီယာဂို ဆေးလ်ဗား သို့မဟုတ် အိတ်ဆဲလ် ဒီဆာဆီရဲ့ နေရာမှာဆို နည်းပြဆီ သွားပြီး ၊ ‘ ကျွန်တော်တို့မှာ ဘောလုံး ရှိနေတဲ့အချိန် ဘာလုပ်ပေးနိုင်မလဲ ? သူတို့ ရှုံးမှာ ကျွန်တော်တို့ သိပေမယ့် ၊ ကျွန်တော်တို့ကလည်း ဂိုးတွေ မသွင်းနေနိုင်ဘူး ၊ ဘာမှလည်း မဖန်တီးနေနိုင်ဘူး ၊ ကျွန်တော်တို့ရဲ့ တိုက်စစ်မှာ ထူးခြားတာ တခုခု လုပ်ပြမယ့် ကစားသမား တယောက်မှ ရှိမနေဘူး ၊ ကွင်းလယ်မှာလည်း တခုခု ပြောင်းလဲပေးမယ့် ကစားသမားလည်း မရှိနေဘူး ‘ လို့ ပြောမိမှာပါ ။ ”

” ဒီလိုပုံစံနဲ့ ကစားနေသ၍ ချဲလ်ဆီးရဲ့ ရှေ့ဆက်တိုးတက်နိုင်ခြေ တခုမှ ကျွန်တော် မမြင်မိပါဘူး ။ သူတို့ဟာ အရာရာ ပြောင်းလဲပစ်ရပါမယ် ။ ကစားသမားအများကြီး လဲပစ်ဖို့ လိုပါတယ် ။ ဒါက မဖြစ်နိုင်ပါဘူး ။ ဒီတော့ သူတို့ဟာ နှစ်များစွာ ရုန်းကန်ရပါလိမ့်မယ် ။ ဒါကလည်း သူတို့ရဲ့ အသင်း တည်ဆောက်ပုံကြောင့် ဖြစ်ပါတယ် ။ ”

” အရာရာက ရှုမြင်ဖို့ လွယ်ကူလွန်းနေပါတယ် ။ ခင်ဗျားမှာ ပြိုင်ဖက် အပေါ် အံ့အားသင့်အောင် လုပ်ပြနိုင်တဲ့ အရာ တခုမှ ရှိမနေပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီးဟာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ မတိုင်မီ လာမယ့် စနေနေ့ညမှာ ဖူလ်ဟမ်ကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လန်ဒန်ဒါဘီပွဲ ဧည့်ခံကစားဖို့ ရှိပါတယ် ။

SPORTS MYANMAR