မစ်ဒယ်ဘရော့ကို အရေးနိမ့်ခဲ့အပြီး ချဲလ်ဆီး စတား တဦး အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သွားတဲ့ ဟက်ဆယ်ဘိန့်ခ်

 

ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ ချန်ပီယံရှစ်မှာ ရုန်းကန်နေရတဲ့ မစ်ဒယ်ဘရော့ အသင်းကို ခံစစ်အားနည်းမှုကြောင့် ပေးခဲ့ရတဲ့ တလုံးတည်းသော ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ် ။

ပွဲချိန်အများစုမှာ ဘောလုံးကိုင်ကစားခွင့် ရခဲ့သလို ၊ အခွင့်အရေးများစွာ ရရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တဲ့ ချဲလ်ဆီးတို့ ခံစစ်ကလည်း အိမ်ရှင်ရဲ့ တန်ပြန်တိုက်စစ်ဆင်ခြင်း ၊ အမြင့်ဘောနဲ့ ထိုးဖောက်ခြင်းတွေကို ရံဖန်ရံခါ ခွင့်ပြုခဲ့ရပြီး ၊ ဒါတွေကို တားဆီးနိုင်ခဲ့ခြင်း မရှိတာကြောင့် ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ် ။

Soccer Football – Carabao Cup – Semi Final – First Leg – Middlesbrough v Chelsea – Riverside Stadium, Middlesbrough, Britain – January 9, 2024 Middlesbrough’s Hayden Hackney scores their first goal Action Images via Reuters/Lee Smith

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ်ကတော့ မစ်ဒယ်ဘရော့ရဲ့ တလုံးတည်းသော အနိုင်ဂိုး စတင်အခြေပြုတဲ့ နေရာမှာ အာရုံစိုက်မှု ၊ ကြိုးစားမှု အားနည်းခဲ့တဲ့ ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒို အပေါ် အခုလိုပဲ ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ် ။

Sky Sports ရဲ့ ပွဲပြီးသုံးသပ်ချက် အစီအစဉ်မှာ ဟက်ဆယ်ဘိန့်ခ် က ” ကိုင်စီဒိုနဲ့ ပတ်သက်ပြီး ပြောရရင် ဒါက တယောက်ချင်း တွေ့တဲ့ အနေအထား ဖြစ်လာပါပြီ ။ ခင်ဗျားမှာ ဆုံးဖြတ်ချက် ပြတ်သားမှု ရှိရင် ၊ ဒီ One V One အခြေအနေတွေကို အရှုံးခံမှာ မဟုတ်ပါဘူး ။ ဒါက ရိုးရှင်းတဲ့ အရာပါပဲ ။ ”

” ခင်ဗျားဟာ ကိုယ်ကပ်ရမယ့် ပြိုင်ဖက် ကစားသမားနဲ့ အပြိုင် ပြေးရပါမယ် ။ သူနဲ့ တသားတည်း ရှိနေရမှာ ဖြစ်ပြီး ၊ နောက်ဆုံး အခိုက်အတန့်မှာ ပြိုင်ဖက်ကို နည်းနည်းပါးပါး တွန်းထုတ်နိုင်ရပါမယ် ။ ဒီတော့မှ သူ ဘောလုံး ထုတ်နိုင်ခြင်း မရှိမှာပါ ။ အဲဒီနေရာမှာ ကိုင်စီဒိုဟာ ပြေးနေတာကို ရပ်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ ဂိုးမပေးရခင်နဲ့ ဂိုးပေးရအပြီး မိနစ်ပိုင်းအကြာမှာ တောင်ပံကစားသမား ကိုးလ်ပါလ်မာဆီကနေ အပိုင်ဂိုးသွင်းခွင့် ၃ကြိမ်တိတိ ရခဲ့ပေမယ့် ၊ ခြင်္သေ့ပြာတို့ကို ဒီရာသီ ကယ်တင်နေကျ ဖြစ်တဲ့ ယင်းအင်္ဂလန်လက်ရွေးစင်ဟာ ဒီပွဲမှာ ထိုအခွင့်အရေးအားလုံး အံ့အားသင့်ဖွယ် လွဲချော်ခဲ့ပါတယ် ။

ဒါ့အပြင် ဒုတိယပိုင်းမှာလည်း half-chance များစွာ ရခဲ့ပေမယ့် အဆုံးသတ်ပုံတွေ ဆိုးရွားလွန်းခဲ့တာကြောင့် ခြင်္သေ့ပြာတို့ စတမ်းဖို့ဒ်ဘရစ်ခ်ျ ဒုတိယအကျော့မှာ ကြိုးစားရုန်းကန်ရဦးမှာ ဖြစ်ပါတယ် ။ ချဲလ်ဆီးရဲ့ တိုက်စစ်ချဉ်းကပ်ပုံ အပေါ် ဟက်ဆယ်ဘိ်န့်ခ်က အခုလိုပဲ သုံးသပ်သွားပါတယ် ။

ဟက်ဆယ်ဘိန့်ခ် က ” ချဲလ်ဆီးမှာ နည်းစနစ် အခင်းအကျင်း တိတိကျကျ ရှိတယ်လို့ ကျွန်တော် ခံစားခဲ့့ရပါတယ် ။ ဒါပေမယ့် သူတို့ အနေနဲ့ ပြိုင်ဖက် ခံစစ်ကြောင်းကို ဖြိုခွင်းဖို့ ဒီထက် ပိုလိုခဲ့ပါတယ် ။ ပြိုင်ဖက် ခံစစ်မှာ နေရာလွတ်တွေပေါ်အောင် တကိုယ်ကောင်းမဆန်တဲ့ ပြေးလွှားမှုတွေ ပိုလုပ်ပေးဖို့ လိုခဲ့ပါတယ် ။ ”

” ပြိုင်ဖက် ပင်နယ်တီ ဧရိယာအတွင်း ရာဟင်း စတာလင် တယောက်တည်း ရှိနေတဲ့ အချိန်မျိုးတွေမှာ ဖြတ်တင်ဘော မလုပ်မိဖို့ လိုပါတယ် ။ ဒါဟာ ခင်ဗျားရဲ့ အသင်းဖော်တွေ အကြား ဘယ်လောက်ထိ နားလည်မှု ပြည့်နေတယ် ဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ် ။ ဒီနေ့ ချဲလ်ဆီးမှာ ဒါမျိုး မရှိနေခဲ့ပါဘူး ။ ”

” သူတို့ရဲ့ ကစားပုံက နှေးကွေးလေးလံခဲ့ပါတယ် ။ ပုံသေဖြစ်နေတာများပြီး ၊ ဘိုရိုကို ပျော်ရွှင်စေတဲ့ တန်ပြန်တိုက်စစ် ဆင်ခွင့်တွေ အများကြီး ခွင့်ပြုခဲ့ရပါတယ် ။ ဒါကြောင့် ဘိုရိုဟာ ဒီနေ့မှာ အန္တရာယ်ရှိတဲ့ပုံ ပေါ်ခဲ့တာပါ ။ ဒါတွေအားလုံးဟာ စိတ်ဓာတ်ခံယူချက်ကနေပဲ စတင်တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR