January Transfer Window မတိုင်ခင် နောက်ဆုံးရ အားကစားသတင်းများ

ဥရောပ ဘောလုံးလောက ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကတော့ ဒီကနေ့ နေ့လယ်ပိုင်းမှာ တရားဝင် ဖွင့်လှစ် သွားခဲ့ပါပြီ ။ နောက်လာမယ့် ရက်ပေါင်း ၃၀ အတွင်းမှာ ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့ တွေကို မြင်တွေ့ ကြားသိ ကြရတော့မှာပါ ။

 

ဝက်စ်ဟမ်း အသင်းရဲ့ နောက်ခံလူ သီလို ခီဟာ ကို မိုနာကို အသင်းက ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ် ။

 

မန်စီးတီး ကတော့ ရေးဗားပလိတ် ကြယ်ပွင့်လေး ကလော်ဒီယို အီချီဗာရီ အတွက် ညှိနှိုင်းမှု ပြီးမြောက် အောင်မြင် သွားခဲ့ပါပြီ ။ ၁၈ နှစ် မပြည့်သေးတဲ့ အာဂျင်တိုင်းသားလေးဟာ အစ်တီဟတ် ကွင်းကြီးထဲမှာ ကစားဖို့ ၂၀၂၄ ဒီဇင်ဘာ အထိ စောင့်ဆိုင်းရဦးမှာပါ ။

 

စပါး အသင်းကတော့ ကွင်းလယ် ကစားသမား ပါပီ မာလန် ဆား ကို ၂၀၃၀ ခုနှစ် အထိ သက်တမ်းရှိမယ့် စာချုပ်သစ်ကို ချုပ်ဆို ဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ် ။ ဒါ့အပြင် ဒီတပတ် ပွဲစဉ်မှာ ရရှိခဲ့တဲ့ မာလန်ဆား ရဲ့ ဒဏ်ရာဟာ ပြင်းထန်မှု မရှိဘဲ အာဖရိက ဖလား ပြိုင်ပွဲ ကို ဆီနီဂေါ အသင်းနဲ့ ပါဝင် ကစားသွားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ် ။

 

ဂျာမန် ကလပ် ဖရန့်ဖတ် အသင်းဟာ ဝုဗ် တိုက်စစ်မှူး ဆာဆာ ခါလာဇစ် ကို အငှား ခေါ်ယူဖို့ လုပ်ဆောင် ညှိနှိုင်း နေတယ်လို့ ကြားသိရ ပါတယ် ။

 

ရှက်ဖီး ယူနိုက်တက် အသင်းကလည်း အန်ဒါလတ်ချ် အသင်းမှာ ကစားနေတဲ့ လက်စတာ ဂိုးသမားဟောင်းကြီး ကက်စပါ ရှမိုက်ကယ် ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ကူးနေတယ်လို့ သိရှိရပါတယ် ။

 

လီဗာပူး အသင်းက လိုက်ပ်ဇစ် ဆီကနေ အငှားစာချုပ် ဖျက်သိမ်းပြီး ပြန်လည် ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဖေဘီယို ကာဗယ်ဟို ကို လက်စတာ စီးတီး အသင်းက အငှား ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ် ။ လီဗာပူး ကတော့ ခရစ္စတယ် ပဲလေ့စ် ကစားသမား မစ်ချယ် အိုလိစ် ကို ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာ ကြိုးစား သွားဖွယ် ရှိနေပါတယ် ။

 

မန်ယူနိုက်တက် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိ ကတော့ ဖရန့်ဖတ် အသင်းဆီ ရာသီကုန်အထိ အငှား နဲ့ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။