နောက်ဆုံးရ အားကစား သတင်းများ

ချန်ပီယံလိဂ်လို့ ပြောလိုက်တာနဲ့ အုပ်စုအဆင့်တွေ ၊ ရှုံးထွက်ပွဲစဉ်တွေ ၊ အကျိတ်အနယ် ရင်ခုန်စိတ်လှုပ်ရှား စရာတွေနဲ့ ပြည့်နှက်နေတဲ့ ပြိုင်ပွဲကြီး တခုဆိုတာ အားလုံး သိရှိထားပြီး ဖြစ်မှာပါ ။ အခုနှစ် ဘောလုံးရာသီဟာ ကျွန်တော်တို့တွေ သိကျွမ်း ရင်းနှီးခဲ့ကြတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲပုံစံကို နောက်ဆုံး ကျင်းပတဲ့ နှစ်ပါပဲ ။ လာမယ့် ရာသီက စတင်ပြီးတော့ ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပမှာ ဖြစ်သလို ပြိုင်ပွဲဝင် အသင်း အရေအတွက် ကိုလည်း တိုးမြှင့် သွားတော့မှာ ဖြစ်ပါတယ် ။

၂၀၂၄-၂၅ ဘောလုံးရာသီမှာ ကျင်းပမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲဟာ အခုနှစ် အပါအဝင် လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော် အသုံးပြုခဲ့တဲ့ အုပ်စုအဆင့်ကို ပြန်လည် ထည့်သွင်းတော့မှာ မဟုတ်ပါဘူး ။ လက်ရှိ ကစားနေတဲ့ ၄ သင်း ၈ အုပ်စု အစား အမှတ်ပေးပြိုင်ပွဲ ပုံစံ နဲ့ ပြောင်းလဲ ကျင်းပသွားတော့မှာ ဖြစ်ပါတယ် ။

လက်ရှိ ၃၂ သင်းနေရာကို ၄ သင်း ထပ်တိုးပြီး ၃၆ သင်းအဖြစ် ယှဉ်ပြိုင် ကစားသွားမှာပါ ။ အဲ့ဒီ ၃၆ သင်းစလုံး ကို အုပ်စုကြီး တခုထဲမှာ ထည့်သွင်းထားမှာ ဖြစ်ပြီးတော့ တသင်းစီဟာ အိမ်ကွင်း အဝေးကွင်း ၂ ကျော့ ကစားရမယ့် ပွဲစဉ် ၈ ပွဲ ကို ပထမအဆင့်အဖြစ် ကစားရမှာ ဖြစ်ပါတယ် ။ ( ဘယ်အသင်း နဲ့ ဘယ် အသင်းဆိုတာကတော့ မဲ ပြန်နှိုက်ကြရဦးမှာပါ )

ဒီလို အိမ်-အဝေး ကစားပြီးလို့ အမှတ်ပေး ဇယားမှာ အဆင့် ၁ ကနေ ၈ အတွင်း ရရှိလာမယ့် အသင်းတွေဟာ ရှုံးထွက် အဆင့်ကို တိုက်ရိုက် တက်ရောက်ခွင့် ရရှိကြပါမယ် ။ အဆင့် ၉ ကနေ ၂၄ အထိ ရှိမယ့် အသင်း ၁၆ သင်း ကတော့ မဲပြန်နှိုက်ပြီး Play-off အဆင့်အဖြစ် ကစားကြရမှာပါ ။ အဲ့ဒီ Play-off ကနေ အနိုင်ရလာမယ့် ၈ သင်းဟာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပြီး စောင့်ကြိုနေမယ့် ၈ သင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။

အဲ့ဒီ ၁၆ သင်းအဆင့် ကနေ နောက်ထပ် အဆင့်တွေကတော့ အခု ကစားနေတဲ့ ပုံစံအတိုင်း ( ၁၆ သင်းဆင့် – ကွာတား – ဆီမီး – ဖိုင်နယ် ) ပဲ ကစားသွားကြဦးမှာ ဖြစ်ပါတယ် ။ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ၊ လာလီဂါ ၊ စီးရီးအေ နဲ့ ဘွန်ဒစ်လီဂါ တို့ကနေ အသင်း ၁ သင်းစီ ထပ်တိုးပြီး ချန်ပီယံလိဂ်မှာ ပါဝင်ခွင့်ပြုမှာ ဖြစ်တာကြောင့် အဆင့် ၅ နေရာဟာ UCL ဝင်ခွင့်အတွက် လုံလောက်သွားတော့မှာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR