နောက်ဆုံးရ အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာတော့ မန်ချက်စတာ စီးတီး အသင်းဟာ အိမ်ကွင်းမှာ ယန်းဘွိုင်းစ် အသင်းကို ၃-၀ နဲ့ အနိုင် ကစားပြီး ရှုံးထွက်အဆင့်ကို အစောဆုံး တက်လှမ်းခွင့် ရရှိသွားခဲ့ ပါတယ် ။ မန်စီးတီး အတွက် ဟာလန်း က ၂ ဂိုး သွင်းယူပေးခဲ့ပြီး ဖိုဒန် က ၁ ဂိုး သွင်းပေးခဲ့ပါတယ် ။ ဂျာမန်ကလပ် လိုက်ပ်ဇစ် ဟာလည်း ရက်စတား အသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင် ကစားခဲ့ပြီး မန်စီးတီး နည်းတူ ရှုံးထွက် အဆင့်ကို တက်လှမ်းသွား နိုင်ခဲ့ပြီဖြစ်တာကြောင့် အုပ်စု G ဟာ အစောဆုံးအဖြေထွက်တဲ့ အုပ်စု ဖြစ်လာခဲ့ရ ပါတယ် ။

 

အသင်းကြီးတွေ ပါဝင်နေတဲ့ အုပ်စု F မှာတော့ ဒေါ့မွန် က နယူးကာဆယ် ၊ အေစီမိလန် က PSG ကို အနိုင် ရရှိခဲ့တာကြောင့် အမှတ်အကျိတ်အနယ်နဲ့ ဆက်လက် အားပြိုင်နေကြဆဲ ဖြစ်ပါတယ် ။ ဘာစီလိုနာကတော့ ရှက်တာဒိုးညက် ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး ကစားပုံလည်း ဆိုးရွားခဲ့တယ်လို့ သိရပါတယ် ။ အက်သလက်တီကို မက်ဒရစ် ကတော့ အိမ်ကွင်းမှာ ဆဲလ်တစ် ကို ၆-၀ နဲ့ ဂိုးမိုးရွာသွားခဲ့ ပါတယ် ။

 

အာရှ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာလည်း အယ်လ်နက်ဆာ အသင်းဟာ ကာတာကလပ် အယ်ဒူဟေး အသင်းကို ၃-၂ နဲ့ အနိုင် ကစားပြီး ပွဲစဉ် ၄ အပြီးမှာတင် ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ ပါတယ် ။ ဒီပွဲမှာ အယ်လ်နက်ဆာ ဘက်က ရိုနယ်ဒို မပါဝင်ခဲ့ပေမယ့် ဘရာဇီးသား တာလစ္စကာ က ဟက်ထရစ်သွင်းယူကာ အကောင်းဆုံး ခြေစွမ်းပြ ကစားသွားခဲ့ပါတယ် ။

 

အေစီမီလန် အသင်းဟာ တိုက်စစ်မှူးဟောင်းကြီး ဇလာတန် အီဘရာဟီမိုဗစ်ချ် ကို စီမံခန့်ခွဲမှု အဖွဲ့ထဲ ထည့်သွင်းဖို့ လုပ်ဆောင်နေပြီး ဇလာတန် ကလည်း အချိန်သိပ် မကြာခင် ဒီကိစ္စ ဖြစ်မြောက်လာမယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာ ကနေ အရိပ်မြွက် ပြောဆိုသွားခဲ့ ပါတယ် ။

 

ဆော်ဒီကလပ် အယ်လ် အစ်တီဟတ် အသင်းကတော့ နည်းပြ နူနို ဆန်းတိုစ့် ကို ထုတ်ပယ်လိုက်ကြောင်း အသိပေး ကြေညာခဲ့ ပါတယ် ။ လက်ရှိမှာတော့ အယ်အစ်တီဟတ် ဟာ နည်းပြသစ် ရှာဖွေနေပြီး ဘန်ဇီးမား ၊ ကန်တီ ၊ ဖာဘင်ညို တို့ ရှိနေတဲ့ အသင်းရဲ့ ပဲ့ကိုင်ရှင်သစ် ဘယ်သူ ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားမှု မြင့်တက် နေပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ကက်စမဲရိုး နဲ့ ခံစစ်မှူး လီဆန်ဒရို မာတီနက် တို့ကတော့ ခရစ္စမတ် ကာလအထိ ပြန်ကစားပေးနိုင်ဦးမှာ မဟုတ်ဘူးလိုပ နည်းပြ အဲရစ်တန်ဟတ် က ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

 

မန်စီးတီး ခံစစ်မှူး ဂျွန်စတုန်း ဟာ မနေ့ညက ကစားခဲ့တဲ့ ယန်းဘွိုင်းစ် နဲ့ ပွဲမှာ ဒဏ်ရာ ရရှိခဲ့ပြီး အနားယူရ တော့မယ်လို့ နည်းပြ ဂွာဒီယိုလာက ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

 

တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ရစ်ချလီဆင် ကလည်း သူဟာ အရိုး ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူဖို့ ဆုံးဖြတ် လိုက်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်သွားခဲ့ ပါတယ် ။

 

ရီးရဲမက်ဒရစ် ဟာ လာမယ့် ဇန်နဝါရီမှာ ကစားသမားသစ် ဝယ်ယူမှာ မဟုတ်ဘူးလို့ နည်းပြ အန်ဆယ်လော့တီ က အတည်ပြု ပြောဆိုသွားခဲ့ ပါတယ် ။ ရီးရဲဟာ မနေ့တုန်းက အက်ဒွာဒို ကာမာဗင်ဂါ ကို ၂၀၂၉ အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆိုလိုက်တယ်လို့လည်း ထုတ်ပြန် ကြေညာသွားခဲ့ ပါတယ် ။

 

စီးရီးအေ ထိပ်သီး ယူဗင်တပ် နဲ့ အဲဗာတန် အသင်းတို့ဟာ ဆွစ်ဇာလန် ရဲ့ ၁၇ နှစ် အရွယ် လူငယ် တိုက်စစ်မှူးလေး ဝီစလေ ဘိုတီလီ ကို အပြိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။