နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ မန်ချက်စတာ စီးတီး အသင်းဟာ မန်ယူနိုက်တက် အသင်းကို အဝေးကွင်းမှာ ၃-၀ နဲ့ ဂိုးပြတ် ခြေပြတ်အနိုင်ကစား သွားခဲ့ပါတယ် ။ မန်စီးတီး အတွက် တိုက်စစ်မှူး အာလင်း ဟာလန်း ခြေစွမ်းပြခဲ့ပြီး ၂ ဂိုးသွင်းကာ ၁ ဂိုးဖန်တီးပေးသွားခဲ့ပါတယ် ။

လီဗာပူးကလည်း နော်တင်ဟမ် ဖောရက်စ် အသင်းကို ၃-၀ နဲ့ နိုင်ခဲ့ပြီး ဂျိုတာ ၊ ဆာလာ နဲ့ နူညက်ဇ် တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ် ။

 

အီတလီ စီးရီးအေ မှာတော့ နာပိုလီ နဲ့ အေစီမီလန် တို့ အကျိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပြီး တဘက် ၂ ဂိုးစီ သရေကျခဲ့ကြ ပါတယ် ။ အေစီ အတွက် တိုက်စစ်မှူး ဂျီရူး က ၂ ဂိုး သွင်းယူပေးခဲ့တာပါ ။ အင်တာမီလန် ကတော့ အိမ်ကွင်းမှာ ရိုးမားအသင်းကို မားကပ်စ် သူရမ် ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ် ။

 

စပိန်လာလီဂါမှာလည်း အသလက်တီကို မက်ဒရစ်တို့ နိုင်ပွဲ ရရှိခဲ့ပြီး အဆင့် ၃ နေရာကို တက်လှမ်း လာနိုင်ခဲ့ ပါတယ် ။ ပြင်သစ် လီဂူးဝမ်း မှာတော့ လီယွန် နဲ့ မာဆေး အသင်းတို့ ကစားမယ့် ပွဲစဉ်ဟာ လီယွန် အသင်းရဲ့ ဘတ်စ်ကား အတိုက်ခိုက် ခံခဲ့ရတာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ် ။ လီယွန် အသင်း နည်းပြ ဂရော့ဆို နဲ့ လက်ထောက် နည်းပြတို့ဟာ ခဲတွေ ထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရပါတယ် ။

 

နယ်သာလန်လိဂ် မှာတော့ အိုင်ယက်စ် အသင်းဟာ အရှုံးနွံထဲကနေ မရုန်းထွက်နိုင်သေးဘဲ ဒီတပတ်မှာလည်း PSV အသင်းကို ၅-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ် ။ လက်ရှိမှာ အိုင်ယက်စ် ဟာ ၈ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိထားမှုနဲ့အတူ အမှတ်ပေးဇယားရဲ့ အောက်ဆုံးအထိကို ရောက်ရှိသွားခဲ့ပါပြီ ။

 

ရီးရဲမက်ဒရစ် ကွင်းလယ် ကစားသမားလေး ချူအာမာနီ ဟာ ဒဏ်ရာကြောင့် ၂ လ နီးပါး အနားယူရတော့မယ်လို့ ယမန်နေ့ ညပိုင်းက သတင်းထွက်ပေါ်လာခဲ့ပါတယ် ။

 

SPORTS MYANMAR