နံနက်ခင်း အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီ အသင်းဟာ ဘော့စနီးယားအသင်းကို အဝေးကွင်းမှာ ၅-၀ နဲ့ ဂိုးပြတ် အနိုင်ကစားပြီး ၁၀၀% နိုင်ပွဲဆက်မှုကို ထိန်းသိမ်း နိုင်ခဲ့ပါတယ် ။ ပေါ်တူဂီ အတွက် ရိုနယ်ဒို ၂ ဂိုး သွင်းယူပေးခဲ့ပြီး ပရော်ဖက်ရှင် ဘောလုံးသမားဘ၀ ဂိုး ၈၆၀ ပြည့်မြောက်ဖိ့ု ၁ ဂိုးအလိုကို ရောက်ရှိလာခဲ့ပါတယ် ။

 

ဘယ်လ်ဂျီယံ နဲ့ ဆွီဒင်တို့ ပွဲစဉ်ကတော့ ၁ ဂိုးစီ သရေကျနေတဲ့ အချိန် ၊ ပထမပိုင်းအပြီးမှာ ရပ်နားထားခဲ့ရပါတယ် ။ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူ ဟာ အသင်းအတွက် ၁ ဂိုး သွင်းပေးထားပြီး ယူရို ခြေစစ်ပွဲ ဂိုးသွင်းရှင် ဇယားကို ဆက်လက် ဦးဆောင်ထားခဲ့ပါတယ် ။

 

သြစတြီးယားအသင်းကတော့ အဇာဘိုင်ဂျန်အသင်းကို အနိုင်ကစားပြီး ယူရို ခြေစစ်ပွဲအောင်မြင် သွားခဲ့ပါတယ် ။

နယ်သာလန် အသင်းကလည်း ဂရိစ် အသင်းကို ခံစစ်မှူး ဗန်ဒိုက် ရဲ့ ၉၃ မိနစ် ပင်နယ်တီ သွင်းဂိုးနဲ့ အနိုင်ရရှိပြီး ယူရို မျှော်လင့်ချက်တွေ အတွက် ဆက်လက် တိုက်ပွဲဝင်ခွင့် ရရှိသွားခဲ့ပါတယ် ။ နယ်သာလန် ဟာ ပွဲချိန် ၂၄ မိနစ်မှာ ပင်နယ်တီ ရခဲ့ပေမယ့် ဗက်ဟော့စ် ကန်ချက် ဂိုးမရခဲ့တာကြောင့် ရုန်းကန် ခဲ့ရပြီး ၉၀+၃ မိနစ်မှ ပင်နယ်တီ ထပ်ရကာ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။

 

စီးရီးအေ ထိပ်သီး ယူဗင်တပ် အသင်းဟာ စပါး ကွင်းလယ်လူ ဟော့ဘီယာ အတွက် အက်သလက်တီကို မက်ဒရစ် နဲ့ အပြိုင် ကမ်းလှမ်းဖို့ စတင်ပြင်ဆင်နေပြီလို့ သိရပါတယ် ။

 

အီတလီ ဘောလုံးအဖွဲ့ချုပ် ရဲ့ စုံစမ်းမှု အရ အီတလီ မှာ ကစားနေတဲ့ ၊ ကစားခဲ့တဲ့ ဘောလုံးသမားပေါင်း ၄၀ ကျော်ဟာ လောင်းကစားမှုနဲ့ ပါဝင်ပတ်သတ် ခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ ပါတယ် ။

 

ဘာစီလိုနာ အသင်းဟာ မနှစ်တုန်းက ဘန်လေ ကို အငှားထွက်ကစားပြီး ပုံစံကောင်းတွေ ပြသခဲ့တဲ့ ချဲလ်ဆီး လူငယ် ကစားသမား အိုင်ယန် မတ်ဆန် ကို ခေါ်ယူဖို့ စိတ်ကူး ရှိနေပြီး ပရီးမီးယားလိဂ် အသင်းအချို့ ကလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ် ။

 

ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယွန် ဟာ သူ့ရဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာစပြုလာပြီး အားဖြည့်တဲ့ အဆင့်ကို စတင်ရောက်ရှိနေပြီလို့ သိရပါတယ် ။ ဘာစီလိုနာ ဟာ အောက်တိုဘာ ၂၈ ရက်နေ့မှာ ရီးရဲမက်ဒရစ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အဆိုပါပွဲ မှာ ဒီယွန် ကို ပြန်လည် ပါဝင်နိုင်ဖို့ မျှော်လင့်နေကြပါတယ် ။

 

SPORTS MYANMAR