ချဲလ်ဆီး စတားဟာ ဘာကြောင့် အမ်ဘတ်ပေ ၊ ဗင်နီးဆီးယပ်စ်တို့လို ဖြစ်လာမှာ မဟုတ်လဲ ဆိုတာ ရှင်းလင်းသုံးသပ်သွားတဲ့ ရီယိုဖာဒီနန်

ပြီးခဲ့တဲ့ စနေနေ့မှာ ချဲလ်ဆီး အသင်းဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပြီး ၊ ထိုပွဲမှာ အပိုင် အခွင့်အရေး ၃ကြိမ်တိတိကို လက်လွတ်စပယ် ဖြုန်းတီးပစ်ခဲ့တဲ့ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ရဲ့ အဆုံးသတ် ညံ့ဖျင်းမှုက ခြင်္သေ့ပြာတို့ကို ပေးဆပ်မှု ကြီးမားစေခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်ကတော့ ဂျက်ဆင်ဟာ မွေးကတည်းက အဆုံးသတ် ပါရမီ ပါလာတဲ့ သဘာဝ ဆန်ဆန် တိုက်စစ်မှူးမျိုး မဟုတ်ကြောင်း FIVE YouTube ချန်နယ်နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ဝေဖန်သွားပါတယ် ။

ဖာဒီနန် က ” ခင်ဗျား အနေနဲ့ ပွဲအပေါ် ရှုမြင်တဲ့ ရှုထောင့်ကို ပြောင်းပစ်ရပါမယ် ။ ဒါပေမယ့် ပုံမှန်အားဖြင့် အဆုံးသတ် သေချာတဲ့ တိုက်စစ်မှူးတွေဟာ မွေးကတည်းက အဆုံးသတ် ကောင်းလာပြီးသားပါ ။ သူတို့မှာ ဂိုးမဝင်ဝင်အောင် သွင်းနိုင်တဲ့ အဆုံးသတ်ပုံမျိုးတွေ အမြဲ ရှိပြီးသားပါ ။ ”

” ဂျာမိန်း ဒီိဖိုး ၊ မိုက်ကယ် အိုဝင်တို့ဆိုရင် ဒီအတိုင်း ကြီးကျယ်တဲ့ အဆုံးသတ်သူ ဖြစ်လာတာ မဟုတ်ပါဘူး ။ ဂျက်ဆင်ဟာ သူ ကစားသမား တယောက် အနေနဲ့ တိုးတက်နေစဉ် အတွင်း ဂိုးတွေ သွင်းကောင်း သွင်းနေနိုင်မှာပါ ။ ဒါပေမယ့် သူ သေသပ်တဲ့ အဆုံးသတ်သူ တယောက် ဖြစ်လာဖို့ကို ကျွန်တော် ဘယ်လိုမှ တွေးမမြင်နိုင်ပါဘူး ။ ”

” သူဟာ ဟိုလိုလို ဒီလိုလို ဝင်သွားတဲ့ဂိုးမျိုးတွေ ၊ လမ်းကြောင်းပြောင်း ဝင်သွားတဲ့ ဂိုးမျိုးတွေ သွင်းနိုင်ပါတယ် ။ ဂိုးသွင်းခွင့်တွေလည်း သူ အမြဲ ရနိုင်ပါတယ် ။ ဒါကလည်း သူ့ရဲ့ ရွေ့လျားပုံတွေ ကောင်းတာကြောင့်ပါ ။ ဒါပေမယ့် အဆုံးသတ်အပိုင်းမှာတော့ သူဟာ အခွင့်အရေးတွေ အမြဲတမ်း လွဲချော်နေဦးမှာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဂျက်ဆင်ဟာ ဒီရာသီ ပွဲတချို့မှာ ဘယ်တောင်ပံ တိုက်စစ် နေရာက ကစားခဲ့ရပြီး ၊ အတော်အသင့် အံဝင်ခဲ့တာကို တွေ့ရပါတယ် ။ ဖာဒီနန်ကတော့ ယင်းဆီနီဂေါသားဟာ တောင်ပံတိုက်စစ်နဲ့ မလိုက်ဖက်ကြောင်း ထင်မြင်ချက် ပေးသွားပါတယ် ။

ဖာဒီနန် က ” သူဟာ တောင်ပံကစားသမား တယောက်လို့ ကျွန်တော် မထင်ပါဘူး ။ သူဟာ ခင်ဗျားကို အခက်တွေ့စေနိုင်တဲ့ တိုက်စစ်မှူးမျိုးပါ ။ ဒါပေမယ့် ခင်ဗျား အတွေးမှာ သူ လွတ်ထွက်သွားခဲ့ရင်တောင် ဂိုးသမားကတော့ ကိုယ့်ကို ဒုက္ခတွင်းက ကယ်ပေးနိုင်သေးတာပဲလို့ တွေးလို့ ရနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဖာဒီနန်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ် စူပါစတားတွေ ဖြစ်ကြတဲ့ ကီလီယန် အမ်ဘတ်ပေ ၊ ဗင်နီးဆီးယပ်စ် ဂျူနီယာတို့ဟာ ဘာကြောင့် ဂျက်ဆင် အပါအဝင် တခြား တိုက်စစ် ကြယ်ပွင့်တွေထက် နှာတဖျား ပိုသာနေလဲ ဆိုတာ အခုလိုပဲ ရှင်းလင်း သုံးသပ်သွားပါတယ် ။

ဖာဒီနန် က ” တကယ့် ထိပ်တန်း ကစားသမားတွေနဲ့ ထိပ်တန်းအဆင့် ရောက်ခါနီး ကစားသမားတွေ အကြားက ကွာခြားချက်က ဒါပါပဲ ။ ဗင်းနီးဆီးယပ်စ် ဂျူနီယာနဲ့ ကီလီယန် အမ်ဘတ်ပေတို့ရဲ့ ဟိုတနေ့က ကစားသွားတဲ့ ဗီဒီယိုကလစ်တွေ ကျွန်တော် ကြည့်လိုက်ရပါသေးတယ် ။ ”

” ကျွန်တော်တို့ဟာ သူတို့ရဲ့ အကြီးကျယ်ဆုံးသော စွမ်းဆောင်ရည် စုစည်းမှုတွေကို အမြဲ ကြည့်နိုင်ပါတယ် ။ ဒါပေမယ့် တကယ့် ပွဲတပွဲမှာ သူတို့ ဂိုးသွင်းနိုင်တဲ့ အနေအထားတွေနဲ့ မယုံနိုင်ဖွယ် အခိုက်အတန့်တွေ လုပ်ပြတာက သာမန် ကစားသမားတွေ အနေနဲ့ဆို ဘောလုံးက ဂိုးစည်းကျော်သွားမှာတို့ ၊ ထောင့်ကန်ဘော ဖြစ်သွားမှာတို့ ၊ အလုခံရတာတို့ ဖြစ်တတ်ပါတယ် ။ ”

” ကြီးကျယ်တဲ့ ကစားသမားတွေမှာ ရှိတဲ့ ဘုံအားသာချက်က သူတို့ဟာ အသေးအဖွဲ အခိုက်အတန့်တွေလောက်နဲ့ မတင်းတိမ်တတ်တာပါပဲ ။ သူတို့ဟာ အချိန်တိုင်းမှာ တူညီတဲ့ တိုးအားရုန်းအား အတိုင်း ဆက်တိုက် ကစားကြပါတယ် ။ တူညီတဲ့ ခံယူချက် အတိုင်း အောင်မြင်အောင် လုပ်ကြပါတယ် ။ ”

” ထိပ်တန်းအဆင့် ရောက်မလာတဲ့ ကစားသမားတွေကျတော့ ပေါ့ပေါ့တန်တန် တွေးကြပါတယ် ။ သူတို့ဟာ ‘ ငါ့ကို ဘောလုံးပေး ၊ ဒါဆို အလုပ်ဖြစ်လာမယ် ‘ ဆိုပြီး တာဝန်ခံတတ်တာထက် စာရင် ၊ အရှေ့ အခေါက်မှာ လုပ်ခဲ့ဖူးတဲ့ အရာတွေမှာ ပျော်မွေ့သွားတတ်ကြပါတယ် ။ ဒါက အပြင်ပန်းမှာ အသေးအဖွဲ အရာလေးလို့ ထင်ရတတ်ပေမယ့် ၊ တကယ်တမ်းမှာ အလွန် ကြီးမားတဲ့ ကွာခြားချက် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR