ကစားသမား ဘဝ တလျှောက် ရင်ဆိုင်ရ အခက်ခဲဆုံး တိုက်စစ်မှူး ၄ဦး အနက် ဂန်းနားနဲ့ သရဲနီ ဂန္တဝင် တဦးစီ ပါဝင်ကြောင်း ဖွင့်ဟလာတဲ့ ဂျွန်တယ်ရီ

ချဲလ်ဆီး အသင်းရဲ့ ဂန္တဝင် ခံစစ်မှူးဟောင်း ဂျွန်တယ်ရီဟာ ယခု တကြိမ် ပရီးမီးယားလိဂ်ရဲ့ Hall of Fame nominee ၂ဦးမှာ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်နဲ့ အတူ ပါဝင်လာခဲ့ပါတယ် ။

တယ်ရီဟာ ချဲလ်ဆီးနဲ့ အတူ ပရီးမီးယားလိဂ် ပွဲပေါင်း ၄၉၂ပွဲ ကစားခဲ့ပြီး ၊ Clean Sheet ၂၁၄ကြိမ် စွမ်းဆောင်နိုင်ခဲ့ပြီး ၊ ဒါဟာ ခံစစ်မှူးတွေ အနက် အကောင်းဆုံး မှတ်တမ်းလည်း ဖြစ်ပါတယ် ။ အခုလို Hall of Fame မှာ ဆန်ကာတင် ပါဝင်လာခြင်း အပေါ် တယ်ရီက အခုလိုပဲ မှတ်ချက်ပြုခဲ့ပါတယ် ။

တယ်ရီ က ” ဒီလိုမျိုး ကိုယ့်ပတ်ဝန်းကျင်နဲ့ ပရိသတ်တွေဆီက အသိအမှတ်ပြုခြင်း ခံရတာဟာ တကယ့် စပါယ်ရှယ်ပါပဲ ။ ကျွန်တော့ အတွက်တော့ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့ အကောင်းဆုံးပါပဲ ။ ဒီတော့ ကိုယ့်အသင်းဖော်တွေနဲ့ အတူ ရရှိခဲ့တဲ့ အောင်မြင်မှုတွေ အပေါ် ကျွန်တော် အရမ်း ဂုဏ်ယူမိပါတယ် ။ ”

” အသက်ငယ်ငယ်လေးကတည်းက ကျွန်တော်ဟာ ဘောလုံးကစားခြင်းကို နှစ်သက်ခုံမင်လာခဲ့တာပါ ။ ကျော်ဖြတ်ခဲ့တဲ့ အချိန်တွေကို ပြန်ပြီး ရှုမြင်ကြည့်ရင် ဒါက ကြည်နူးဖွယ်ပါပဲ ။ ဒါက အံ့သြဖွယ်ကောင်းတဲ့ ခရီး တခု ဖြစ်ခဲ့ပါတယ် ။ ”

” ဘောလုံးကစားနေတဲ့ အချိန်တုန်းကတော့ ဒီလို Hall of Fame မှာ ပါဝင်ဖို့ ကြိုးစားရမယ် ဆိုတဲ့ အတွေးမျိုး ရှိမနေခဲ့ပါဘူး ။ ခင်ဗျား အနေနဲ့ ဒ်ီအတိုင်း ပြင်းပြင်းထန်ထန် ကြိုးစားပြီး ၊ အသင်းနဲ့ ပရိသတ်တွေ အတွက် အရာရာ ပေးဆပ်ခဲ့တယ် ဆိုတဲ့ တစုံတဦး အဖြစ် ကိုယ့်ကို မှတ်မိနေစေဖို့ပဲ ကြိုးစားဖြစ်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ တယ်ရီဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူး တဦး အဖြစ် သတ်မှတ်ခံထားရခြင်းနဲ့ အတူ ၊ ၄င်းဟာ အကောင်းဆုံး တိုက်စစ်မှူးတွေနဲ့လည်း ထိပ်တိုက် ရင်ဆိုင် ထိန်းချုပ်ခဲ့ရဖူးပါတယ် ။ ဘယ်တိုက်စစ်မှူးတွေက သူ့အတွက် အခက်ခဲဆုံး ဖြစ်ခဲ့လဲ ဆိုတာနဲ့ ပတ်သက်ပြီး တယ်ရီကတော့ အခုလိုပဲ ဖွင့်ဟ ဖြေကြားလာပါတယ် ။

အာဆင်နယ် ဂန္တဝင် သီယာရီ အွန်နရီနဲ့ မန်ယူနိုက်တက် ဂန္တဝင် ဝိန်းရူနီတို့ကတော့ သူ့ရဲ့ အခက်ခဲဆုံး နံပါတ် ၁ နဲ့ ၂ ဖြစ်ကြောင်း တယ်ရီ က ” သီယာရီ အွန်နရီဟာ ကျွန်တော် ရင်ဆိုင်ဖူးတဲ့ တိုက်စစ်မှူးတွေအထဲ အကောင်းဆုံးနဲ့ အကြောက်ရဆုံးပါပဲ ။ ”

” နောက်တယောက်က ဝိန်းရူနီပါ ။ သူဟာလည်း ထိပ်တန်း ကစားသမား တယောက် ဖြစ်ပြီး ၊ သူ ရရှိခဲ့တဲ့ အောင်မြင်မှု မှတ်တမ်းတွေက အံ့သြဖွယ်ပါပဲ ။ ဝိန်း ဘယ်လောက်ထိ ကောင်းခဲ့လဲ ဆိုတာ သူ အင်္ဂလန် လက်ရွေးစင် အသင်းမှာ စအရွေးခံခဲ့ရတဲ့ အသက်အရွယ်ကို ကြည့်ရင် သိနိုင်ပါမယ် ။ ပရီးမီးယားလိဂ်မှာ သူ့ကို ပြိုင်ဖက် အဖြစ်နဲ့ ရင်ဆိုင်ခဲ့တာတွေ ၊ လက်ရွေးစင် အသင်းမှာ သူ့ကို အသင်းဖော် အဖြစ်နဲ့ တွဲကစားခဲ့တာတွေကို ကျွန်တော် အမှတ်ရနေဆဲပါ ။ သူဟာ တကယ် မယုံနိုင်ဖွယ်ပါပဲ ။ ”

YOKOHAMA, JAPAN – DECEMBER 21: Wayne Rooney (L) of Manchester United celebrates scoring the opening goal with his team mates Cristiano Ronaldo (R) and Michael Carrick (C) during the FIFA Club World Cup final match between LDU Quito and Manchester United at the International Stadium Yokohama on December 21, 2008 in Yokohama, Kanagawa, Japan. (Photo by Etsuo Hara/Getty Images)

” နောက်တိုက်စစ်မှူးတွေက ဆာဂျီယို အဂွဲရိုးနဲ့ ဟယ်ရီကိန်းပါ ။ သူတို့ဟာ ကျွန်တော် ရင်ဆိုင်ရ ခက်ခဲခဲ့တဲ့ ကစားသမားတွေလို့ ပြောရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR