ချန်ပီယံလိဂ်ကြောင့် မန်စီးတီး ပွဲပန်းနေခြင်းကို အခွင့်ကောင်း ယူမလား ဆိုတဲ့ အမေး အပေါ် တုန့်ပြန်လာတဲ့ ပိုချက်တီနို

ယနေ့ည ဝင်ဘလေကွင်းမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဖြစ် လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အလယ်က ချဲလ်ဆီးတို့ ထိပ်တိုက် တွေ့ဆုံကြဖို့ ရှိပါတယ် ။ ဒီ၂သင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂ကြိမ် တွေ့ဆုံခဲ့ရာ သရေရလဒ် အဖြစ်နဲ့ အဆုံးသတ်ခဲ့ကြပါတယ် ။

ရှေ့ရာသီတုန်းက မန်စီးတီးဟာ ချဲလ်ဆီးကို ပြိုင်ပွဲစုံ ၄ကြိမ် အထိ ရင်ဆိုင်ခဲ့ရဖူးပြီး ၊ ၄ကြိမ်စလုံးကို Clean Sheet တွေနဲ့ အနိုင်ရခဲ့တာကြောင့် ခြင်္သေ့ပြာတို့ အတွက် ယခုနှစ် ရာသီ ထိပ်တိုက်တွေ့ဆုံမှု ရလဒ်နဲ့ ခြေစွမ်းတွေက အပေါင်းလက္ခဏာ ဆောင်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

မန်စီးတီးကတော့ ကြားရက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို အချိန်ပို မိနစ် ၁၂၀ ၊ ပင်နယ်တီ အဆုံးအဖြတ် အထိ ကစားထားရတာကြောင့် အနည်းနဲ့ အများ ပွဲပန်းဒဏ်ကို ခံစားနေရမှာ သေချာပါတယ် ။ ဒါ့အပြင် ချဲလ်ဆီးဟာ ကြားရက် ပွဲမကစားထားသလို ၊ စီးတီးထက်လည်း နားရက် တရက် ပိုရထားပါတယ် ။

ဒီရာသီရဲ့ တခုတည်းသော ဆုဖလား မျှော်လင့်ချက်ကို အသက်သွင်းဖို့ ကြိုးစားရမယ့် ချဲလ်ဆီး အဖို့ နားရက် တရက် ပိုရတာက အားသာချက် တရပ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက အခုလိုပဲ တုန့်ပြန်လာပါတယ် ။

ပိုချက်တီနို က ” ဟုတ်ပါတယ် ။ ချန်ပီယံလိဂ်မှာ မိနစ် ၁၂၀ ကစားတဲ့အခါ ကြိုးစားအားထုတ်မှုက ကြီးမားတယ် ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းကြီး သိကြပါတယ် ။ ဒါက စိတ်ခံစားမှုနဲ့ သက်ဆိုင်တဲ့ အရာလည်း ဖြစ်ပါတယ် ။ ရှုံးသွားပြီးတဲ့နောက် ခင်ဗျား အတွက် နာလန်ထူဖို့ မလွယ်ပါဘူး ။ ”

” ဟုတ်ပါတယ် ။ ဒါက သူတို့ အတွက် လက်ခံရ ခက်ခဲခဲ့မှာပါ ။ ကျွန်တော်တို့ အနေနဲ့ မှတ်မိနေရမှာက သူတို့မှာ မယုံနိုင်ဖွယ် ကစားသမား စာရင်း ရှိနေတယ် ဆိုတာပါပဲ ။ ရှေ့ပွဲမှာ မပါကောင်း မပါခဲ့တဲ့ ကစားသမားတွေဟာ ကျွန်တော်တို့နဲ့ ရင်ဆိုင်တဲ့အခါ ကစားဖို့ အလားအလာ ရှိနိုင်ပါတယ် ။ ”

” သူတို့ဟာ ပြီးခဲ့တဲ့ ၆နှစ် ၊ ၇နှစ် အတွင်း ပက်ရဲ့ ဘောလုံး အတွေးအခေါ်တွေအောက်မှာ ဆုဖလားတွေ ဆွတ်ခူးပြနိုင်ခဲ့ပါတယ် ။ ဒါက ကျွန်တော်တို့ အတွက် စိန်ခေါ်မှု တရပ်ပါပဲ ။ ဘာလို့လဲဆိုတော့ သူတို့ဟာ အံ့သြဖွယ် အရာတွေ စွမ်းဆောင်ပြထားတဲ့ ၊ အံ့သြဖွယ် ကစားပြနေတဲ့ အသင်း တသင်း ဖြစ်လို့ပါပဲ ။ ”

” ပြီးခဲ့တဲ့ ၅နှစ် ၊ ၆နှစ် ၊ ၇နှစ် အတွင်း သူတို့ဟာ ဘာကြောင့် ကမ္ဘာ့ အကောင်းဆုံး အသင်း တသင်း ဖြစ်နေရလဲ ဆိုတာ သက်သေပြနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ ရှုံးထွက်ဖလားပွဲတွေမှာ ပင်နယ်တီ အဆုံးအဖြတ် အထိ မရောက်ခဲ့တာ ၅နှစ်အထိ ရှိလာပြီ ဖြစ်ပါတယ် ။

နောက်ဆုံး အကြိမ် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတုန်းက မန်စီးတီးဟာ ချဲလ်ဆီးကို ၂၀၁၉ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ် ။ ဒီတကြိမ် ထိပ်တိုက်တွေ့ဆုံမှု မတိုင်မီ ပင်နယ်တီ အတွက် ကြိုပြင်ထားသလား ဆိုတဲ့ အမေး အပေါ် ပိုချက်တီနိုက အခုလိုပဲ ဖြေကြားခဲ့ပါတယ် ။

ပိုချက်တီနို က ” ကျွန်တော်တို့ အဆင်သင့်ပါပဲ ။ ခင်ဗျားတို့ ဘယ်တော့မှ မသိနိုင်ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ ပင်နယ်တီ ကြိုလေ့ကျင့်ထားပါတယ် ။ ကျွန်တော်တို့မှာ ပြတ်သားတဲ့ အိုင်ဒီယာ တခု ရှိပေမယ့် ၊ အဆုံးမှာတော့ ပွဲတပွဲ အတွင်း ဘာတွေ ဖြစ်ပျက်မလဲ ဆိုတာ ကြိုတင် ခန့်မှန်းဖို့ ခက်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ဒီအတွက် အသင့်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR