မန်စီးတီးနဲ့ မရင်ဆိုင်မီ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ နောက်ဆုံးရ ကြံ့ခိုင်မှု အခြေအနေ အကြောင်း အသိပေးလာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ ယနေ့ည ဝင်ဘလေကွင်းမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဖြစ် လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်သွားဖို့ ရှိပါတယ် ။ ဒီပွဲမတိုင်ခင် ဒဏ်ရာ ရနေခဲ့ကြတဲ့ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ခံစစ်မှူး အိတ်ဆဲလ် ဒီဆာဆီတို့ဟာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ် ။

သို့ပေမယ့် ယနေ့ည ပွဲကို ပွဲထွက်ပါဝင်ဖို့ အထိတော့ ချဲလ်ဆီး နည်းပြ ဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုက တပ်အပ် အတည်ပြုထားခြင်း မရှိပါဘူး ။ အထူးသဖြင့် အန်ဇို ဖာနန်ဒက်ဇ်ဟာ လွန်ခဲ့တဲ့ လအနည်းငယ် အတွင်း အူကျဝေဒနာ ရရှိနေခဲ့ပြီး ၊ ပြီးခဲ့တဲ့ အပတ်မှာတော့ ထိုနာကျင်မှုကို ယင်းအာဂျင်တိုင်းသား သိသိသာသာ ခံစားခဲ့ရပါတယ် ။

ခွဲစိတ်မှု ခံယူရနိုင်ခြေ ရှိပေမယ့် ယနေ့ည အရေးကြီး ပွဲစဉ်ကိုတော့ အန်ဇို တယောက် အလွတ်မခံချင်တဲ့ ပုံပေါ်နေပါတယ် ။ ပိုချက်တီနိုကတော့ သူ့အနေနဲ့ အန်ဇို ထရိန်နင် ပြန်ဆင်းနေတာ ဝမ်းမြောက်ပေမယ့် ၊ အရဲစွန့် ဟီးရိုး လုပ်မယ့် ကစားသမားမျိုး အလိုမရှိကြောင်း ပြတ်ပြတ်သားသား ဖြေကြားခဲ့ပါတယ် ။

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနို က ” အန်ဇိုဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်း တကယ်ကို ကောင်းကောင်းမွန်မွန် လေ့ကျင့်နိုင်ခဲ့ပါတယ် ။ သူဟာ မနက်ဖြန် ပွဲအတွက် အသင်းရဲ့ တစိတ်တပိုင်းမှာ ပါဝင်သွားမှာပါ ။ ကျွန်တော်တို့ဟာ သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေကို ဆေးအဖွဲ့နဲ့ ပူးပေါင်းပြီး စီမံခန့်ခွဲနေပါတယ် ။ ”

” ဟုတ်ပါတယ် ။ သူဟာ သိပ်မကြာခင်ကမှ ပြဿနာ တချို့ ကြုံခဲ့ရတယ် ဆိုတာ မှန်ပါတယ် ။ ဒါပေမယ့် သူ ဒါတွေကို ကောင်းကောင်းမွန်မွန် ရင်ဆိုင်ဖြေရှင်းထားနိုင်ပြီး ၊ သူ့ကို ကျွန်တော်တို့ နေ့စဉ် ဆေးစစ်မှုတွေ လုပ်နေပါတယ် ။ သူ့ကို ကျွန်တော်တို့ ကာကွယ်ပေးဖို့ လိုပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ လူငယ် ကစားသမား တယောက် ဖြစ်လို့ပါ ။ ”

” လက်ရှိ ပစ္စုပ္ပန်ကသာ အရေးကြီးတယ် ဆိုပေမယ့် အနာဂတ်လည်း ထိုနည်းတူပါပဲ ။ သူ့အတွက် အကောင်းဆုံး ဖြစ်စေမယ့် အရာတွေကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ ။ ထပ်ပြောရရင် ကျွန်တော်တို့မှာ အကြပ်အတည်းတွေကို ဖြေရှင်းကိုင်တွယ်နိုင်တဲ့ အတွေ့အကြုံ ရှိပါတယ် ။ ”

” ပထမဆုံး အနေနဲ့ သူဟာ ကျွန်တော်တို့ အတွက် လူပုဂ္ဂိုလ် တယောက် အနေနဲ့ အရေးကြီးတာပါ ။ ကစားသမား တယောက် အနေနဲ့ မဟုတ်ပါဘူး ။ ကြံ့ခိုင်မှု အနေအထားနဲ့ ပတ်သက်ပြီး သူ သက်တောင့်သက်သာ ရှိသလား မရှိသလား ဆိုတာက အဓိကပါပဲ ။ ”

” ( သူ ဒါကို ခွဲစိတ်ဖို့ လိုအပ်မယ်ဆိုရင် ) ကျွန်တော်တို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမှု အပြည့်အဝ ပေးသွားမှာပါ ။ ဒါပေမယ့် သူ့ကို ကျွန်တော်တို့ တခုခု လုပ်ဖို့ မတရား တွန်းအားပေးမှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ဟာ အတွေ့အကြုံတွေနဲ့ သုံးသပ်စစ်ဆေးချက် အရ သူ့ကို ကူညီပေးဖို့ ဒီမှာ ရှိနေတာပါ ။ ”

” အခု အခြေအနေက ဝေခွဲရခက်ပါတယ် ။ ဘာလို့လဲဆိုတော့ အရေးကြီးဆုံး အရာက သူ အကောင်းဆုံး ပုံစံမှာ စွမ်းဆောင်ပြဖို့ လိုအပ်နေလို့ပါ ။ သူရဲကောင်းတွေ ကျွန်တော်တို့ မလိုအပ်ပါဘူး ။ ကိုယ်လိုချင်တဲ့ အောင်မြင်မှုတွေ ရရှိဖို့ အသင်းအတွက် အကောင်းဆုံး ကူညီ စွမ်းဆောင်ပေးမယ့် ကစားသမားတွေပဲ ကျွန်တော်တို့ အလိုရှိတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR