မန်စီးတီး – ချဲလ်ဆီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲအပေါ် ခန့်မှန်းသွားတဲ့ ခရစ်ဆပ်တန်

မနက်ဖြန်ည ဝင်ဘလေမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပထမပွဲ အဖြစ် ချဲလ်ဆီးနဲ့ မန်စီးတီးတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြဖို့ ရှိပါတယ် ။ လက်ရှိ ချန်ပီယံ စီးတီးတို့ အနေနဲ့ ကြားရက်မှာ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရပြီးနောက် ပြည်တွင်း ဖလား ၂လုံး ဆွတ်ခူးနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီးကလည်း ဒီရာသီ သူတို့ရဲ့ တခုတည်းသော လက်ကျန် ဆုဖလား မျှော်လင့်ချက်ကို အသက်သွင်းဖို့ ပစ်မှတ်ထားနေပါတယ် ။ ဒီပွဲအပေါ် ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ခရစ်ဆပ်တန်က အခုလိုပဲ သုံးသပ်ခန့်မှန်းသွားပါတယ် ။

BBC Sports နဲ့ တွေ့ဆုံရာမှာ ဆပ်တန် က ” မန်စီးတီးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ကနေ ထွက်ခွာဖို့ မထိုက်တန်ခဲ့ပါဘူး ။ ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ဟန်ချက် အနေအထားအရဆိုရင် သူတို့ဟာ အနည်းငယ် ကံမကောင်းလို့ ရှုံးခဲ့တာလို့ မှတ်ယူနိုင်ပါတယ် ။ ”

” သူတို့ အနေနဲ့ ခပ်မြန်မြန် ပြန်လည် ရုန်းထဖို့ အရေးကြီးပါတယ် ။ ဒီအပတ် အက်ဖ်အေဖလားကနေ စပြီးပေါ့ ။ စီးတီးရဲ့ အဓိက ပစ်မှတ်ဟာ နှစ်ပေါင်း ၁၃၆နှစ် သက်တမ်း ရှိပြီ ဖြစ်တဲ့ အင်္ဂလိပ် လိဂ်ဘောလုံးလောကမှာ ပထမဆုံး အကြိမ် အဖြစ် ၄နှစ်ဆက် ချန်ပီယံ ဆွတ်ခူးဖို့ ဖြစ်ပါတယ် ။ ”

” ဒါဟာ ကြီးမားတဲ့ အောင်မြင်မှု မှတ်တမ်း တရပ် ဖြစ်လာမယ့် အပြင် ၊ ဥရောပ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာက ဒီအပေါ် အထောက်အကူ ပေးပါလိမ့်မယ် ။ ပက်ဟာ ဆုဖလားတွေ အတွက်ဆို လောဘကြီးပါတယ် ။ ဒီတော့ သူဟာ အက်ဖ်အေဖလား ထပ်မံ ကိုင်မြောက်ချင်ပါလိမ့်မယ် ။ ”

” ချဲလ်ဆီးဟာ ဒီရာသီမှာ စီးတီးနဲ့ ၂ကြိမ်စလုံး သရေ ကစားနိုင်ခဲ့ပါတယ် ။ သူတို့ဟာ ပါလ်မာရဲ့ ဦးဆောင်မှုနဲ့ အတူ အန္တရာယ် ပေးပါလိမ့်မယ် ။ ဒါပေမယ့် တနင်္လာနေ့ အဲဗာတန်နဲ့ ပွဲက ပင်နယ်တီလုကန်ဖို့ ကြိုးစားမှု ဖြစ်ရပ်မှာ ပါလ်မာက ဘောလုံး ယူပြီး ၊ ဟက်ထရစ် ၄ဂိုးမြောက်ကို မသွင်းယူမီ နွန်နီ မက်ဒူးကီနဲ့ နီကိုးလက်စ် ဂျက်ဆင်တို့ ငြင်းခုံခဲ့ကြတာဟာ ကြည့်ရင် လက်ရှိ ချဲလ်ဆီးရဲ့ အခြေအနေကို ခြုံငုံ ဖော်ပြနေသလိုပါပဲ ။ ”

” ပါလ်မာသာ ရှေ့မှာ ပင်နယ်တီ အနည်းငယ် လွဲခဲ့ဖူးရင် ဒီလို ငြင်းခုံမှုမျိုး မြင်ရတာ ကျွန်တော့ အတွက် ကိစ္စ မရှိပါဘူး ။ ဘာလို့လဲဆိုတော့ ဒါက တစုံတယောက်ရဲ့ အလှည် ဖြစ်ကောင်းဖြစ်နိုင်လို့ပါ ။ ဒါပေမယ့် လောလောဆယ်မှာ သူတို့ရဲ့ အဝတ်လဲခန်းဟာ မသင်္ကာစရာ အနေအထားမျိုး ရှိနေတဲ့ပုံပါပဲ ။ မာန်မာနတွေ အများကြီးနဲ့ ပြည့်နေတာပါ ။ ”

” ချဲလ်ဆီး မန်နေဂျာ မော်ရစ်စီယို ပိုချက်တီနိုသာ ဟန်ချက် ဟာမိုနီကောင်း တခုကို မဖန်တီးနိုင်ရင် ဘယ်သူက ကူညီပေးမှာလဲ ဆိုပြီး ခင်ဗျား မေးခွန်းထုတ်မိပါလိမ့်မယ် ။ ကွင်းတွင်းမှာတော့ ချဲလ်ဆီးဟာ ဒုတိယ ရာသီဝက်မှာ ပိုကောင်းတဲ့ တည်ငြိမ်မှု ပိုရှိတဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပါတယ် ။ ”

” သူတို့ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၈ပွဲဆက် မရှုံးထားသေးပါဘူး ။ ပြည်တွင်းလိဂ်မှာလည်း သူတို့ဟာ အဆင့် ၆ နေရာ အတွက် ပြိုင်ဆိုင်ခွင့် ရထားပါတယ် ။ ပိုချက်တီနိုဟာ သူတို့ရဲ့ တိုးတက်မှုတွေ အခြေပြုနိုင်ဖို့ ဆုဖလား တခုခု ဆွတ်ခူးချင်ပါလိမ့်မယ် ။ ”

” ဒါပေမယ့် စီးတီးကပဲ ဗိုလ်လုပွဲကို တက်သွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ လက်ရှိ ချန်ပီယံတွေ သူတို့ရဲ့ အစွယ်အသွားတွေ ထပ်မံ ထုတ်ပြဦးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ဒါကြောင့်မို့ သူတို့ ဒီဆီမီးဖိုင်နယ်ကို ၃ – ၀ ရလဒ်နဲ့ သက်တောင့်သက်သာပဲ အနိုင်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR