လူတန်ကို ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် အနီးကပ် ပရီးမီးယားလိဂ် ချန်ပီယံလုဖက် ၂သင်းထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ ပက်ဂွာဒီယိုလာ

မန်စီးတီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းဆင်းဇုန် တိုက်ပွဲဝင်နေတဲ့ လူတန်တောင်း အသင်းကို ၅ – ၁ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရကာ ၊ အမှတ်ပေးဇယားထိပ်ကို ပြန်တက်လာပြီး ၊ လက်ရှိ ချန်ပီယံဘွဲ့ကို ၄နှစ်ဆက် ကာကွယ်ဖို့ စိုင်းပြင်းနေပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာက ရာသီကုန်ခါနီးလေလေ ၄င်းတို့ရဲ့ ရှင်သန်မှု ကောင်းလေလေ ဖြစ်နေကြောင်းနဲ့ ကိုယ့်ကစားရမယ့် ပွဲတွေကို အနိုင်ကန်ပြီး ဖိအားဆက်ပေးမှာ ဖြစ်ကြောင်း အနီးကပ် ချန်ပီယံလုဖက် ၂သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးထံ အခုလို မက်ဆေ့ခ်ျပေးသွားပါတယ် ။

Manchester City’s Julian Alvarez, right, makes an attempt to score during the English Premier League soccer match between Manchester City and Luton Town at Etihad stadium in Manchester, England, Saturday, April 13, 2024. (AP Photo/Rui Vieira)

ဂွာဒီယိုလာ က ” တူညီတဲ့ ပွဲတွေ ပြီးဆုံးတဲ့နောက် ရာသီကုန်တဲ့ အချိန်ကျရင်တော့ ဒါက ကွဲပြားခြားနားလာပါလိမ့်မယ် ။ ဒါပေမယ့် ကျွန်တော့ အသင်းသားတွေ ရာသီကုန်ရင် ချန်ပီယံ ဖြစ်ချင်ကြတယ် ဆိုတာ ကျွန်တော် ခံစားမိပါတယ် ။ အာဆင်နယ်နဲ့ လီဗာပူးကလည်း ကျွန်တော်တို့ နည်းတူ ခံစားနေကြမယ် ဆိုတာ သိပါတယ် ။ ဒီလိုမှ မဟုတ်ရင် သူတို့လည်း ဒီသရဖူလုပွဲကနေ ဆင်းပေးနေရလောက်ပါပြီ ။ ”

” ခရစ်စတယ် ပဲလေ့စ် ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပုံစံအတိုင်း ကျွန်တော်တို့ ဒီနေ့ပွဲကို ချဉ်းကပ်ကစားခဲ့တာပါ ။ ကျွန်တော်တို့ရဲ့ ကစားပုံ အမှန်တကယ် ကောင်းခဲ့ပါတယ် ။ အထူးသဖြင့် ဒုတိယပိုင်းမှာပေါ့ ။ ဒီနေ့မှာ ကျွန်တော်တို့ သွင်းဂိုး ၅ဂိုး အထိ ရခဲ့ပါတယ် ။ လူတန်က ဘယ်လောက်ထိ ကစားရ ခက်တယ် ဆိုတာ အသင်းသားတွေ သိကြပါတယ် ။ ”

” ကျွန်တော်တို့ဟာ ကိုယ်ကစားသင့်တဲ့ ပုံစံအတိုင်း ကစားခဲ့တာပါ ။ ကျွန်တော်တို့မှာ ဘာသံသယ တခုမှ မရှိခဲ့ပါဘူး ။ အခန်းကဏ္ဍတိုင်းက ကျွန်တော်တို့ရဲ့ လည်ပတ်နေတဲ့ ပုံစံတွေမှာပေါ့ ။ ပွဲသိမ်း နောက်ဆုံး အချိန်အထိ ၊ တိုက်စစ်ခံစစ် အတက်အဆင်းတွေ ၊ ကွင်းလယ် အထိန်းအသိမ်းတွေက ကောင်းနေဆဲပါ ။ ကျွန်တော်တို့ ရှင်သန်နေဆဲပါ ။ ”

” ဒီလို အနေအထားမျိုးဆီ နောက်တကြိမ် ရောက်ရှိနေတာက ဘယ်လောက်ထိ အံ့သြဖွယ်ကောင်းသလဲ ဆိုတာ အသင်းသားတွေကို ကျွန်တော် ပြောခဲ့ပြီးပါပြီ ။ ပွဲမစခင်တုန်းက ကျွန်တော်တို့ဟာ ‘ ဒီအခြေအနေက ဘယ်လောက် ဂုဏ်ယူစရာကောင်းလိုက်သလဲ ၊ ငါတို့ ဒါကို ဝန်ခံရမယ် ‘ လို့ ပြောခဲ့ကြပါသေးတယ် ။ ”

” ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ အရာများစွာ စွမ်းဆောင်ပြခဲ့ပြီးတာတောင်မှ ခုချိန်ထိ ချန်ပီယံသရဖူ အတွက် တိုက်ပွဲဝင်နေဆဲပါ ။ အခုဆို နောက်ထပ် ၁၈မှတ် စွမ်းဆောင်ပြဖို့ပဲ ကျန်ပါတော့တယ် ။ ဗုဒ္ဓဟူးနေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ကျွန်တော်တို့ ကစားရပါဦးမယ် ။ ဒါဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ အခွင့်အရေး တရပ် ဖြစ်ပါတယ် ။ ”

” နောက်အပတ် စနေမှာ အက်ဖ်အေဖလား ဗိုလ်လုပွဲ တက်ဖို့ ကစားရပါဦးမယ် ။ ဒီတော့ ဒီနေရာမျိုး ရောက်နေတာ ဘယ်လောက် ဂုဏ်ယူစရာလဲ ။ အခုအချိန် ပရီးမီးယားလိဂ် ဒါမှမဟုတ် တခြား ဖလားပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖို့ အခွင့်အရေး မရှိတော့တဲ့ အနေအထားနဲ့ ယှဉ်ပြီး စဉ်းစားကြည့်ပေါ့ဗျာ ။ ”

” ကျွန်တော်တို့ဟာ လက်ရှိ အနေအထားကို နောက်ထပ် တပတ် ဆက်တိုးနိုင်ဖို့ ကြိုးစားလိုက်ရုံပါ ။ ဒါတွေပြီးရင် ပရီးမီးယားလိဂ် တပတ် ထပ်ပြီး ကျော်ဖြတ်ရပါမယ် ။ ကျွန်တော်တို့သာ အမှတ်လျော့ရင် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အခွင့်အရေး မရှိတော့ဘူး ဆိုတာ ပြိုင်ဖက်တွေလည်း သိကြပါတယ် ။ ”

” မနက်ဖြန် အာဆင်နယ် ၊ လီဗာပူးတို့ ဘာတွေ ဖြစ်ကြမလဲ ဆိုတာ ကျွန်တော် မသိပါဘူး ။ ဒါပေမယ့် ဒီနေ့ပွဲကို ကျွန်တော်တို့ မနိုင်ခဲ့ရင် မနက်ဖြန် သူတို့ အနိုင်ရကြမယ် ဆိုတာ ကျွန်တော် သိနေပါတယ် ။ ရာနှုန်းပြည့်ပါပဲ ။ ကျွန်တော်တို့ လုပ်နိုင်တာက ကိုယ်ကစားရမယ့် ပွဲတွေကို အနိုင်ကန်ပြီး ၊ သူတို့ကို ဖိအားဒဏ် ခံစားစေဖို့ပါပဲ ။ ”

” လူတန်ဟာ ကစားရခက်ပေမယ့် ကျွန်တော်တို့ ၅ဂိုး သွင်းနိုင်ခဲ့ပါတယ် ။ ဒါက ကျွန်တော်တို့ ပေးနိုင်တဲ့ တခုတည်းသော မက်ဆေ့ခ်ျပါပဲ ။ ၆ပွဲကျန်ပါသေးတယ် ။ ကျွန်တော်တို့ ဒီပွဲတွေမှာ တခုခု ချွတ်ချော်ခဲ့ရင်တော့ ချန်ပီယံ ဖြစ်မယ့် အသင်းကို ဂုဏ်ပြုရုံပါပဲ ။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့ ကိုယ့်အလုပ် ကိုယ်လုပ်ထားကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR