‘ ဗာရန်း လက်သစ် ‘ လို့ နာမည်ကြီးနေတဲ့ ပြင်သစ် ကြယ်ပွင့်နဲ့ ပတ်သက်ကာ ချဲလ်ဆီးထံ သတိပေးသွားတဲ့ ပီတစ်

 

ချဲလ်ဆီး အသင်းဟာ အမေရိကန်ပိုင်ရှင်တွေရဲ့ လက်အောက်မှာ အပြောင်းအရွှေ့ ပေါ်လစီကို သိသိသာသာ ပြောင်းလဲထားပြီး ၊ ၂နှစ်အတွင်း အတွေ့အကြုံရင့် ကစားသမားတွေထက် ဥရောပတလွှားမှ လူငယ်ခြေတက် အမြောက်အမြားကို ဘီလီယံနဲ့ ချီပြီး ငွေသုံးစွဲထားတာကို တွေ့ရပါတယ် ။

လာမယ့် နွေရာသီ စျေးကွက်မှာလည်း ထိုနည်းတူ ဆက်လက် ချဉ်းကပ်သွားဖို့ မျှော်မှန်းရပြီး ၊ ခုကတည်းက ချဲလ်ဆီးနဲ့ သတင်းတွေ ထွက်ထားတဲ့ လူငယ် ကြယ်ပွင့် တချို့လည်း ရှိနေပါတယ် ။ ထိုအထဲမှာ လိုင်လီ အသင်းမှ ပြင်သစ် ဆယ်ကျော်သက် ကြယ်ပွင့် ခံစစ်မှူးလေး လန်နီ ယိုရိုလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးပေမယ့် ယိုရိုဟာ လိုင်လီ အတွက် အဓိက ခံစစ်မှူး အဖြစ် ဒီနှစ် တရာသီလုံး ပွဲထွက် ကစားပေးနေကာ ၊ အထူး ခြေစွမ်းပြလျက် ရှိပါတယ် ။ ချဲလ်ဆီးဟာ ရာသီအကုန်မှာ စာချုပ်သက်တမ်း ပြည့်မယ့် ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားရဲ့ နေရာအတွက် ခံစစ်မှူးသစ် တဦး ရှာပုံတော် ထွက်နေရာ ၊ ယိုရိုကိုလည်း အထူး မျက်စိကျနေတာ ဖြစ်ပါတယ် ။

အာဆင်နယ်နဲ့ ချဲလ်ဆီး ကွင်းလယ်လူဟောင်း အီမန်နူရယ် ပီတစ်ကတော့ သူ့အသင်းဟောင်း အနေနဲ့ အခြားသော ပြင်သစ်ခံစစ်မှူးကောင်း များစွာ ရှိနေရဲ့သားနဲ့ အညွန့်တလူလူ တက်နေတဲ့ ကြယ်ပွင့် တဦးကို ငွေပုံပေးဝယ်ကာ ၊ စောစောစီးစီး ဖိအားနွံထဲ တွန်းမပို့ဖို့ကို သတိပေးသွားပါတယ် ။

Genting Casino နဲ့ တွေ့ဆုံရာမှာ ပီတစ် က ” လန်နီ ယိုရိုကို ကျွန်တော် ကောင်းကောင်း သိပါတယ် ။ ပြင်သစ်မှာ ကျွန်တော် သူတို့ကို စောင့်ကြည့်နေတာပါ ။ သူဟာ ‘ ရာဖေးလ် ဗာရန်း လက်သစ် ‘ ဖြစ်လာမယ့် ကြယ်ပွင့် ဆိုပြီး နာမည်ပြောင် ပေးခြင်း ခံထားရပါတယ် ။ ”

” အသက် ၁၆နှစ် အရွယ်ကတည်းက သူဟာ လိုင်လီ ပထမအသင်းမှာ စတင် ကစားခွင့် ရခဲ့တာပါ ။ ဂျိုဆယ်လင်း ဂါဗန်နက်က သူ့ကို မာဆေးလ် အသင်းမှာ ရွေးချယ်ခဲ့ပြီးနောက် တမဟုတ်ချင်းပဲ သူ့ရဲ့ ကစားသမား ဘဝက ပြောင်းလဲသွားခဲ့ပါတယ် ။ ”

” မန်နေဂျာကလည်း သူ့ရဲ့ အသက်ကို တခြားသူ တယောက်ယောက်က ပြန်သတိပေးရလောက်တဲ့အထိ သူ့ခြေစွမ်းက ရှော့ခ်ရဖွယ် ကောင်းလွန်းနေတယ်လို့ ပြောခဲ့ဖူးပါတယ် ။ ၂နှစ်အတွင်း သူဟာ ခံစစ်ကျောက်တံတိုင်း အသွင် လုံးဝ ပြောင်းလဲသွားပါတယ် ။ ”

” ဒါပေမယ့် အခုကတည်းက သီယာဂို ဆေးလ်ဗား နေရာကို အစားထိုးဖို့လား ? နောက်ထပ် ပြင်သစ် ခံစစ်မှူး ဘယ်နှယောက်တောင် သူတို့ လိုနေဦးမှာလဲ ? သူတို့မှာ ဘတ်ဒီယာရှီးလ် ၊ ဒီဆာဆီ ၊ ဖိုဖာနာ ၊ ချာလိုဘာနဲ့ ဆေးလ်ဗားတို့ ရှိနေပါတယ် ။ ရှိနေတဲ့ ခံစစ်မှူးတွေနဲ့တင် တော်တော်လေး များလွန်းနေပါပြီ ။ ”

” ချဲလ်ဆီးဟာ နောက်ထပ် ကစားသမားတွေ ဝယ်ဖို့ထက် ကိုယ့်မှာ ရှိနေတဲ့ ကစားသမားတွေ အပေါ်မှာပဲ အာရုံစိုက်ဖို့ လိုပါတယ် ။ ဖိုဖာနာဆို ဘာမှတောင် သေသေချာချာ မကစားရသေးပါဘူး ။ သူဟာ အလားအလာရှိတဲ့ ထိပ်တန်း ပြင်သစ် ကြယ်ပွင့် တယောက် ဖြစ်ဖို့ အဓိပ္ပာယ် ဖွင့်ထားကြတာပါ ။ ”

” ယိုရိုကို တဆင့်ချင်းစီ တိုးတက်ခွင့် ပေးလိုက်ပါ ။ အခုအချိန်က အရမ်းစောလွန်းပါတယ် ။ ဆာလီဘာဟာ ဒီအနေအထား အတွက် အကောင်းဆုံး ဥပမာပါပဲ ။ သူဟာ အာဆင်နယ်ကို စောစောစီးစီး ပြောင်းလာခဲ့ပေမယ့် ၊ ၃နှစ်ကြာ အငှားထွက် ကျင်လည်ခဲ့ပြီးမှ ၊ အာဆင်နယ် ပွဲထွက်စာရင်းမှာ သူ့ရဲ့ နာမည်ကို ကမ္ဗည်းထိုးနိုင်တာပါ ။ ”

” မာဆေးလ်နဲ့ အတူ ဆာလီဘာ စွမ်းဆောင်ပြခဲ့တဲ့ ဘောလုံးရာသီက သူ့ရဲ့ ကစားသမား ဘဝကို အရာရာ ပြောင်းလဲစေခဲ့ပါတယ် ။ အခုတော့ သူဟာ ကမ္ဘာ့ အကောင်းဆုံး ခံစစ်မှူး တဦး ဖြစ်နေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR