ကိုးလ်ပါလ်မာကြောင့် အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ ချဲလ်ဆီး စတားရဲ့ အမည်ကို ထုတ်ဖော်လာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက်မှာ မန်စီးတီး အသင်းကနေ အင်္ဂလန် ကြယ်ပွင့် တောင်ပံကစားသမား ကိုးလ်ပါလ်မာကို ပေါင်သန်း ၄၀နဲ့ ခေါ်ယူခဲ့ပြီး ၊ ၄င်းဟာ ထင်မှတ်မထားလောက်အောင် အထိ ခြင်္သေ့ပြာတို့ အပေါ် အကျိုးပြုနေတာက လူတိုင်း မျက်မြင်သက်သေ ဖြစ်နေပါတယ် ။

ပါလ်မာဟာ စကစားခွင့် ရတဲ့ အချိန်တည်းက ချဲလ်ဆီးရဲ့ ပွဲထွက်စာရင်းကနေ ထုတ်ပယ်မရတာကြောင့် ၊ သူ့ကို အနားပေးတဲ့ အချိန် သို့မဟုတ် လူစားလဲတဲ့ အချိန်တွေမှာသာ အခြားသော တောင်ပံ ကစားသမားတွေက အခွင့်အရေး ရတာ ဖြစ်ပါတယ် ။

ထိုအထဲမှာ ပါလ်မာရဲ့ အင်္ဂလန် ယူ၂၁ အသင်းဖော် ဖြစ်ဖူးတဲ့ တောင်ပံကစားသမား နွန်နီ မက်ဒူးကီလည်း တဦး အပါအဝင် ဖြစ်နေပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက ဒီအကြောင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ ဆွေးနွေးလာပါတယ် ။

ပိုချက်တီနို က ” ပထမဆုံး အနေနဲ့ သူ့အဖို့ အခွင့်အရေးတွေ ရဖို့ လိုတဲ့ အကြောင်း အရင် ပြောပါရစေ ။ ဘာလို့လဲဆိုတော့ ကလပ်ဖက်က ကိုးလ်ပါလ်မာကို ခေါ်ခဲ့တုန်းက သူဟာလည်း ဒီမှာ ရှိနေသလို ၊ သူတို့ ၂ယောက်လုံးက တူညီတဲ့ နေရာ တခုတည်းမှာ ကစားကြလို့ပါ ။ ”

” အံဝင်အောင် ကြိုးစားတာ ၊ သူနဲ့ ပါလ်မာတို့ အတူတကွ ကစားနိုင်ဖို့ မတူညီတဲ့ နည်းစနစ် တခုခုနဲ့ ကြိုးစားတာတွေနဲ့ပဲ သက်ဆိုင်ပါတယ် ။ အနာဂတ် ပွဲထွက်စာရင်းမှာ သူ ခပ်စိတ်စိတ် ပါဝင်နိုင်ဖို့ ၊ ရှေ့ဆက် ကိုယ့်ရဲ့ အရည်အသွေးတွေ ထုတ်ပြနိုင်ဖို့ မျှော်လင့်ပါတယ် ။ ဒါပေမယ့် အသင်းမှာ မှန်ကန်တဲ့ ဟန်ချက် တခု ရှာဖွေနိုင်ဖို့က အဓိကပါပဲ ။ ”

” ပါလ်မာဟာ ဒီကို ရောက်လာကတည်းက အတော်လေး ခြေစွမ်းပြနေတာပါ ။ တခါတလေ ခင်ဗျားဟာ ကစားတဲ့ နေရာချင်း တူတဲ့ ကစားသမား ၂ယောက်ကို တပြိုင်တည်း ထုတ်သုံးလို့ မရပါဘူး ။ ဒါပေမယ့် သူ့မှာ အရည်အချင်းတွေ ရှိနေပြီး ၊ အနာဂတ်မှာ ချဲလ်ဆီး အတွက် အရေးပါတဲ့ ကစားသမား အဖြစ် တိုးတက်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ လာမယ့် တနင်္လာနေ့ညမှာ တန်းမဆင်းရဖို့ တိုက်ပွဲဝင်နေတဲ့ အဲဗာတန်ကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံကစားဖို့ ရှိပြီး ၊ ဒီပွဲအတွက် ဒဏ်ရာရ ကစားသမား အရေအတွက်က တသင်းစာ ရှိနေပါတယ် ။ ဒီတော့ အကယ်ဒမီ လူငယ် တချို့ ကစားခွင့်တွေ ပိုမို ရရှိလာတော့မလား ဆိုတဲ့ အမေး အပေါ် ပိုချက်တီနိုက အခုလို တုန့်ပြန်လာပါတယ် ။

ပိုချက်တီနို က ” သူတို့တွေ ကစားခွင့် ရဖို့ အရမ်း နီးစပ်နေပါပြီ ။ ကျွန်တော်တို့ နည်းပြ အဖွဲ့ဟာ အကယ်ဒမီ ကြယ်ပွင့်တွေနဲ့ နီးနီးကပ်ကပ်ကို အလုပ်လုပ်နေတာပါ ။ အပတ်တိုင်း ကျွန်တော်တို့ဟာ လူငယ် ကစားသမားတွေကို ပထမအသင်းနဲ့ အတူ လာလေ့ကျင့်ဖို့ ဖိတ်ခေါ်နေတာပါ ။ ”

” ဒါဟာ သူတို့ရဲ့ အရည်အသွေးတွေကို ထုတ်ပြဖို့ အခွင့်အရေးကောင်း တရပ်ပါပဲ ။ ဟုတ်ပါတယ် ။ ဒါက လက်တွေ့ဆန်ပါတယ် ။ တခုရှိတာက သူတို့ အနေနဲ့ အခွင့်အရေး ရတဲ့အခါ အပြည့်အဝ ဆုပ်ကိုင် အသုံးချဖို့ ၊ စွမ်းဆောင်ရည်ကောင်းကို လုံလုံလောက်လောက် ရှေ့ဆက် ထိန်းပြနိုင်ဖို့ပါပဲ ။ ”

” ချဲလ်ဆီးမှာ အကောင်းဆုံး အကယ်ဒမီ တခု ရှိတာ ကျွန်တော် ခင်ဗျားတို့နဲ့ သဘောတူပါတယ် ။ အင်္ဂလန်မှာမှ မဟုတ်ပါဘူး ။ တကမ္ဘာလုံးမှာပါ ။ ဒီချာတိတ်တွေကို ဂရုစိုက်ဖို့ ၊ စောင့်ကြည့်ဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ ။ နောက်ပြီး လက်ရှိ ကြုံနေရတဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် လာမယ့် တနင်္လာနေ့မှာ သူတို့ ပါဝင်ခွင့် ရဖို့ အလားအလာတွေ ရှိလာနိုင်ပါတယ် ။ ”

” သူတို့တွေဟာ ကျွန်တော်တို့နဲ့ အတူ တောက်လျှောက် လေ့ကျင့်ထားပြီး ၊ အသက် ၁၆ ၊ ၁၇ ၊ ၁၈ ၊ ၁၉နှစ် အရွယ်လေးတွေပဲ ရှိပါသေးတယ် ။ ထရိန်နင်မှာတော့ သူတို့ဟာ ပုံမှန် လေ့ကျင့်နေသလို ၊ ဒီအတွက် ပုံမှန် အလေ့အကျင့် တခုလို ဖြစ်လာပါပြီ ။ ဒါက သူတို့ရဲ့ တိုးတက်မှု ၊ စီနီယာ ကစားသမားတွေကို ပြိုင်ဆိုင်မှု ပြင်းထန်အောင် ကူညီပေးတာတွေ အတွက် အရမ်းကောင်းတဲ့ အတွေ့အကြုံ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR